မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့က စက်တင်ဘာ ၂၅ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်းကျော် နဲ့ တရုတ်ယွမ် ၇ သိန်း ရောင်းချခဲ့ပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဗဟိုဘဏ် ၊ AD လိုင်စင်ရ ဘဏ်တွေနဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ရက်တည်းမှာ ဗဟိုဘဏ်က ရောင်းချပေးတာ အပါအဝင် အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် အတွက် လွှဲပြောင်းမှု ၁၂၃ ကြိမ် ရှိခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ စာရင်း အချက်အလက်တွေ အရ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့မှာ အမေရိကန်ဒေါ်လာ အပြင် တရုတ်ယွမ် ၆ သန်းကျော် အတွက် လွှဲပြောင်းမှု ၂၃ ကြိမ် နဲ့ ထိုင်းဘတ် သန်း ၇၀ ကျော်အတွက် လွှဲပြောင်းမှု ၃၉ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ FX Market Online Trading Platform ကနေ အမေရိကန် ဒေါ်လာ သန်း ၁၉၀ နဲ့ တရုတ်ယွမ် ၁၉ သန်း ရောင်းချခဲ့တာပါ။
ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပြောင်းလဲပြီးနောက်ပိုင်း အခုလို နိုင်ငံခြားငွေတွေ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ လက်ရှိ Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ် လုပ်နေတဲ့ ဈေးနှုန်း ကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၅၂၄ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်ကို ၁၀၆ ကျပ်နဲ့ တရုတ်ယွမ် တစ်ယွမ်ကို ၄၉၈ ကျပ် ဖြစ်ပါတယ်။