မန်ယူရဲ့ လွဲမှားစွာ ပြုလုပ်နေတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို မန်ယူအသင်းသားဟောင်းနဲ့ အင်္ဂလန်လက်ရွေးစင် မန်နေဂျာဟောင်း ဘရိုင်ယန် ရော့ဆင်က ဝေဖန်မှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုကြီးတွေ မလုပ်နိုင်သလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားတေါဖြစ်တဲ့ ဒီဂီယာ၊ ရပ်ဖို့တို့ စာချုပ်သစ်ကိစ္စ ငြင်းပယ်ထားမှုတွေဟာ ဝုဒ်ဝတ်ဦးဆောင်တဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ တာဝန်ရှိသူတွေ အမှားကြီးတွေ လုပ်ဆောင်နေခြင်းကြောင့်လို့ ရော့ဆင်က ဆိုပါတယ်။

ဝုဒ်ဝတ်နဲ့အဖွဲ့ဟာ ဆန်းချက်ကို လုပ်ခမြင့်မားစွာပေးပြီး ခေါ်ယူခဲ့ခြင်းကြောင်း စီနီယာအသင်းသားတွေကြား လုပ်ခပိုင်း တောင်းဆိုမှု မြင့်တက်စေပြီး ပေါ့ဘာကလည်း အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရော့ဆင်က “ မော်ဒန်ခေတ်မှာ ကစားသမားတွေရဲ့ လုပ်ခတွေက အရမ်းကို မြင့်တက်လာခဲ့ပြီး မန်ယူကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေခဲ့ပါပြီ။ လုပ်ခတွေ အဆမတန်ပေးနေတာမျိုးက ကိုယ်ဘာသာ သတ်နေတာပါပဲ။ အသင်းက ဒါကို ပြင်ဆင်ဖို့ လိုပါတယ်။

အသင်းတာဝန်ရှိသူတွေ အရေးကြီးဆုံး လုပ်ရမှာက ရပ်ဖို့ကို စာချုပ်သစ်ချုပ်ဖို့ပါ။ သူက ကလပ်အသင်း လုံးဝ လက်လွတ်မခံသင့်တဲ့ ကစားသမားပါ ” လို့ ဝေဖန်သုံးသပ်စကား ပြောဆိုခဲ့တာဖြစ်ပါတယ်။