အာဆင်နယ် အသင်းဟာ မနေ့ညက အမ်းမရိတ်စ်မှာ နိုင်ပွဲရခဲ့ပေမဲ့ လက်စတာရဲ့ တုံ့ပြန်အားကြောင့် အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။
အခုပွဲမှာ လက်စတာဂိုးသမား ဟာမန်ဆင်ဟာ အထူး အစွမ်းပြခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ဂိုးကိုဂိုးရမဲ့ အခွင့်အရေး ၅ ကြိမ်လောက်ကို လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ မာတင်နယ်လီ၊ ထရော့ဆာ့ဒ်တို့ရဲ့ဂိုးတွေကြောင့် ၂-၀ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တဲ့အတွက် အိမ်ကွင်းမှာ သက်သောင့်သက်သာပဲ နိုင်ပွဲရသွားပြီလို့ ထင်နေတုန်းမှာပဲ ဒုတိယပိုင်းမှာ လက်စတာအသင်းက မထင်မှတ်ဘဲ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ဘူနာနော့တေရဲ့ ပြစ်ဒဏ်ဘောကနေ နောက်ခံလူ ဂျက်စတင် ခေါင်းတိုက်ချက်က ဟာဗတ်ဇ်နဲ့ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့ပါတယ်။
အဲဒီနောက် ၆၃ မိနစ်မှာ ဂျက်စတင်ကပဲ လှပတဲ့ Volley ကန်ချက်နဲ့ ဒုတိယချေပဂိုးသွင်းခဲ့ပြန်ပါတယ်။ မထင်မှတ်ဘဲ ချေပဂိုးတွေ ပြန်ပေးခဲ့ရပေမဲ့ အာဆင်နယ်ကစားပုံ မပျက်သွားဘဲ ဂိုးသွင်းခွင့်တွေရခဲ့ပြီး ဂါဘရီယဲလ်ရဲ့ အပိုင်ခေါင်းတိုက်ချက်၊ ဟာဗတ်ဇ်၊ ထရော့ဆာ့ဒ်တို့ရဲ့ Clear Cut Chances တွေကို ဟာမန်ဆင် လက်စွမ်းပြကာကွယ်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။
နာကျင်အချိန်ပို ၉၄ မိနစ်မှာတော့ ထောင့်ကန်ဘောက ကျလာတဲ့ ဘောလုံးကို ထရော့ဆာ့ဒ် ချိုးပေးတာကနေ အန်ဒီဒီနဲ့ထိပြီး ဂိုးဝင်ခဲ့လို့ အာဆင်နယ် ဖိအားလျော့ခဲ့ပါတယ်။
မကြာခင်မှာပဲ ဂျက်စတင် ရှင်းထုတ်လိုက်တဲ့ဘောလုံးက ဟာဗတ်ဇ်နဲ့ထိပြီး ဂိုးဝင်သွားတဲ့အတွက် အာဆင်နယ်တို့ ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ တန်းတက်ကလပ်တွေနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံးပွဲ ၄၀ မှာ ရှုံးပွဲမရှိဘဲ ၃၅ ပွဲနိုင်၊ ၅ ပွဲသရေကျခဲ့သလို ၁၁ ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။
အခုပွဲမှာ အာဆင်နယ်အသင်း ဂိုးပေါက်ကန်ချက် ၃၆ ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် ၂၀၁၇ မေလတုန်းက ဆန်းဒါးလန်းနဲ့ပွဲနောက်ပိုင်း အများဆုံးဖြစ်သလို ဂိုးပေါက်တည့်မှု ၁၆ ကြိမ်ရှိခဲ့လို့ ဘလက်ဘန်း(၂၀၀၉ အောက်တိုဘာ)၊ မန်ချက်စတာ ယူနိုက်တက်(၂၀၁၇ ဒီဇင်ဘာ ၁၆ ကြိမ်စီ) နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ဂိုးပေါက်တည့်မှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အစောပိုင်းပွဲမှာ မန်စီးတီး သရေကျခဲ့တာကို အာဆင်နယ်တို့ အကောင်းဆုံး အသုံးချနိုင်ပြီး အခု မန်စီးတီးနဲ့ ၁၄ မှတ်စီ တူညီသွားပြီဖြစ်ပါတယ်။
နောက်ပွဲမှာ လီဗာပူးက နိုင်လိုက်တာကြောင့် အမှတ်ပေးဇယားကိုတော့ အာနယ်ဆလော့ အသင်းက ဦးဆောင်နေပါတယ်။