အာဆင်နယ်အသင်းရဲ့ လက်စတာစီးတီးကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကာလာဖီအိုရီဟာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်းမရှိတော့မှာကို တွေးမိပြီး ဝမ်းနည်းကြေကွဲနေခဲ့တယ်လို့ နည်းပြ အာတီတာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီနွေ မှာ ဘိုလော့ဂ်ညာကနေ အာဆင်နယ်ကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကာလာဖီအိုရီဟာ စနေနေ့က တန်းတက် လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ကစားသမားအဖြစ် ပွဲဦး ထွက်ခွင့် ရခဲ့တာဖြစ်ပါတယ်။
အီတလီ နောက်ခံလူဟာ အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်အပြီးအထိ ကစားပေးခဲ့ပေမယ့်လည်း ဒုတိယဂိုးကို အောင်ပွဲခံနေချိန်မှာ သက်တောင့်သက်သာ မရှိတဲ့ပုံပေါ်နေခဲ့ပြီး အဲဒီနောက်ပိုင်း ခေါင်းချင်းယှဉ်တိုက်ပြီးနောက် အကျမတော်ဘဲ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။
ကာလာဖီအိုရီဟာ ဘယ်ဖက်ဒူးကို စည်းထားခဲ့တာ မြင်တွေ့ခဲ့ရပြီး ပွဲအပြီး ကွင်းထဲကနေ ထွက်ခွာချိန်မှာလည်း ဒူးကို အထောက်အကူပေးတဲ့ ကိရိယာကို ဝတ်ဆင်ပြီး ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။
ကာလာဖီအိုရီဟာ ၂၀၁၆ ခုနှစ်တုန်းက တစ်နှစ်လုံးနီးပါး အနားယူခဲ့ရတဲ့ ဒူးဒဏ်ရာမျိုး ထပ်ပြီး ဖြစ်မှာကို စိုးရိမ်ခဲ့တာကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းနည်းနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ပီအက်စ်ဂျီနဲ့ ကစားရမယ့် အင်္ဂါနေ့ပွဲမတိုင်ခင် ကာလာဖီအိုရီနဲ့ ဘန် ဝှိုက်တို့ ကြံ့ခိုင်မှု ပြည့်ဝလာမလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာတီတာက
“သူတို့ ၂ ယောက်က ပါဝင်ကစားပေးချင်စိတ်ရှိကြတဲ့ ကစားသမားတွေပါ။ ကျွန်တော်တို့ ဒီနေ့မှာ သူတို့ကို ပြန်ပြီး အကဲဖြတ်သွားမှာပါ။ မနေ့က ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်မလုပ်ခဲ့ဘူး။ သူက ပွဲအပြီးမှာ နည်းနည်း စိတ် ခံစားချက် ပြင်းထန်နေခဲ့တာ သိသာပါတယ်။ ဒီနေ့ သူ ဘယ်လိုနေမလဲ ကြည့်ကြတာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။