ကိုပါအမေရိက ဖလားပြိုင်ပွဲအဖြစ် ပါရာဂွေးနဲ့ ဧည့်သည် ကာတာအသင်းတို့ ယှဉ်ပြိုင်ရာမှာ ၂-၂ သရေဆိုတဲ့ ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။

သရေရလဒ်အပြီး ပွဲအပြီး အင်တာဗျူးမှာတော့ ပါရာဂွေးနည်းပြက ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ ပါဝင်လာတဲ့အပေါ် ဝေဖန်မှု လုပ်သွားခဲ့ပြီး အမေရိကတိုက်အသင်းတွေပဲ သီးသန့် ပါဝင်ခွင့်ရသင့်တဲ့ ပြိုင်ပွဲပါလိုပ ဆိုသွားခဲ့ပါတယ်။

ဒီနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာတော့ အာရှတိုက်က ဂျပန်နဲ့ ကာတာအသင်းတို့ ပါဝင်နေတာက တောင်အမေရိကတိုက်နဲ့ အာရှတိုက်ကြား ဘောလုံးအဖွဲ့ချုပ်နှစ်ခုရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့်လို့ ပြိုင်ပွဲကျင်းပရေး ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိထားတာဖြစ်ပါတယ်။

ပါရာဂွေးနည်းပြကတော့ “ ကိုပါအမေရိကဖလားကို အမေရိကတိုက်က အသင်းတွေအားလုံး ပါဝင် ယှဉ်ပြိုင်မယ်ဆိုရင် ပိုတောင် အဓိပ္ပာယ်ရှိဦးမယ်။

ကာတာနဲ့ ဂျပန်အစား ပြိုင်ပွဲတစ်ခုလုံးကို အမေရိကအလယ်ပိုင်းနဲ့ မြောက်အမေရိကအသင်းတွေ အားလုံးပါဝင်ကစားနေသင့်ပါတယ်။ ကျနော်တို့က ဥရောပအသင်းတွေကိုလည်း ပြိုင်ပွဲအတွက် မဖိတ်ခေါ်ဖူးပါဘူး။ ကိုပါအမေရိကပြိုင်ပွဲဟာ အမေရိကအသင်းတွေအတွက်ပဲ ဖြစ်သင့်တယ်လို့ ယုံကြည်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။