အိုးထရတ်ဖိုဒ့်မှာ စပါးအသင်းကို ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့ကာ ရာသီအဖွင့်ကို ခက်ခဲစွာ ရုန်းကန်နေရတဲ့နောက် ယူနိုက်တက်ဒါရိုက်တာတွေ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အားကစားဒါရိုက်တာ Dan Ashworth, အမှုဆောင်ချုပ် Omar Berrada, နည်းစနစ်ဒါရိုက်တာ Jason Wilcox, ဘုတ်အဖွဲ့ဒါရိုက်တာ Sir Dave Brailsford တို့ဟာ ပွဲအပြီး အလေးအနက် ဆွေးနွေးမှု လုပ်ခဲ့ကြတာပါ။

ကလပ်ရဲ့ ရပ်တည်မှု ဖိအားတွေရှိနေပေမယ့် အကြီးအကဲတွေကတော့ ဒီအပတ် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေဖြစ်တဲ့ ပေါ်တို၊ အက်စတွန်ဗီလာပွဲတွေအား ကိုင်တွယ်ဖို့ တန်ဟက်ကိုပဲ ဆက်လက် ထောက်ခံပေးသွားမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၄ ပတ်ကပဲ လီဗာပူးကို အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ကာ လက်ရှိမှာ အဆင့် ၁၂ နေရာကို ရောက်နေပါတယ်။ ဒါကြောင့် ရာသီအစ ၆ ပွဲမှာတင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၆ မှတ်အကွာကို ရောက်နေပါတယ်။

ဒီလို ခက်ခဲနေပေမယ့် ယူနိုက်တက် အကြီးအကဲတွေက နည်းပြ တန်ဟက်ကို ချက်ခြင်းကြီး ရာထူးကနေ ထုတ်ပယ်မှာ မဟုတ်ဘဲ ဆက်လက် ထောက်ခံပေးသွားမှာပါ။ ဒါပေမယ့် လာမယ့် ၂ ပွဲမှာပါ ရလဒ်မကောင်းရင်တော့ နည်းပြအပြောင်းအလဲ ဖြစ်ရေး လမ်းပွင့်လာဖွယ် ရှိနေပါတယ်။

ဒီနွေမှာ သုံးခဲ့တဲ့ ပေါင် သန်း ၂၀၀ အပြင် တန်ဟက်ဟာ ယူနိုက်တက် နည်းပြဘဝ ကစားသမားသစ်တွေအတွက် အသုံးစရိတ် ပေါင် သန်း ၆၀၀ သုံးထားပြီဖြစ်ပါတယ်။