အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ဒီတပတ် ချန်ပီယံလိဂ်မှာ အာဆင်နယ်ရင်ဆိုင်ကစားရမဲ့ ပီအက်စ်ဂျီအသင်း က အမြင့်ဆုံးအဆင့်တွင် ရှိနေတဲ့ အသင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ အင်္ဂါနေ့တွင် အမ်းမရိတ်ကွင်းတွင် ပီအက်စ်ဂျီကို ဧည့်ခံကစားရပါမယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင် အတ္တလန္တာအား အဝေးကွင်းမှာ သရေကျထားပါတယ်။

ပီအက်စ်ဂျီ က ချန်ပီယံလိဂ် ပထမပွဲတွင် စပိန်ကလပ်ဂီရိုနာအား ၁-၀ ဂိုးဖြင့် အနိုင်ရထားပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ ၅ ရာသီတွင် ၃ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့အထိ တက်ထားနိုင်ပါတယ်။

ပီအက်စ်ဂျီတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ကစားခဲ့ဖူးတဲ့ အာတီတာက “ကျွန်တော်တို့ ရင်ဆိုင်ရမဲ့အသင်းက ဥရောပဘောလုံးလောကမှာ အမြင့်မားဆုံးအဆင့်မှာရှိတဲ့အသင်းပါ။

ဒါပေမဲ့ ဒါက ကျွန်တော်တို့ ဒီလိုပွဲမျိုးကို ဘယ်လိုကိုင်တွယ်နိုင်သလဲဆိုတာ မြင်နိုင်မဲ့ပွဲလည်း ဖြစ်တယ်။ ဘယ်လို ပြင်ဆင်လာလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လို လုပ်နိုင်တဲ့အသင်းဆိုတာကိုလည်း မြင်ရပါမယ်”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အာတီတာက အီတလီနောက်ခံလူရီကာဒိုကာလာဖီအိုရီနှင့် အင်္ဂလန်နောက်ခံလူဘင်ဝှိုက်တို့မှာ ပီအက်စ်ဂျီနှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ဘင်ဝှိုက်မှာ ဒူးဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ နောက်ဆုံး ၂ ပွဲလွဲချော်ခဲ့ပြီး ကာလာဖီအိုရီမှာလည်း စနေနေ့တုန်းက လက်စတာနှင့်ပွဲနှောင်းပိုင်းတွင် ဒဏ်ရာရရှိသွားပါတယ်။