မနေ့ညက ကစားခြ့တဲ့ ချန်ပီယံလိဂ် ဒုတိယပွဲမှာ အာဆင်နယ်အသင်းဟာ ပြင်သစ်ထိပ်သီး PSG အသင်းကို အမ်းမရိတ်စ်မှာ ၂-၀ ဂိုးနဲ့အနိုင်ယူပြီး ၃ မှတ် စတင် ရရှိခဲ့ပြီဖြစ်ပါတယ်။

နည်းပြလူးဝစ်အင်းနရစ်နဲ့ ပြဿနာတက်ခဲ့လို့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဒမ်ဘီလီ မပါဝင်နိုင်တာကြောင့် PSG အသင်း တိုက်စစ်ကစားပုံ အားနည်းခဲ့သလို တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာလည်း အသင်းခေါင်းေ်ဆာင် အိုဒီဂတ် မပါဝင်နိုင်ပေမဲ့ ထရော့ဆက်က အကောင်းဆုံးခြေစွမ်းပြနေပြီး လက်စတာနဲ့ပွဲတုန်းက အာဆင်နယ် အသင်းသွင်းခဲ့တဲ့ ၂ ဂိုးက သူ့ကြောင့်ရခဲ့တာဖြစ်သလို အခုပွဲမှာလည်း ဟာဗတ်ဇ် ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးပေးခဲ့ပါတယ်။

ပထမပိုင်းမိနစ် ၂၀ မှာ ထရော့ဆာ့ဒ် တင်ပေးလိုက်တာကို ဟာဗတ်ဇ်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ဟာဗတ်ဇ်ဟာ ပြိုင်ပွဲစုံ အိမ်ကွင်း ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် အူဘာမီယန်း(၂၀၁၉)နောက်ပိုင်း ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီနောက် ၃၆ မိနစ်မှာ ညာခြမ်းကနေ ဆာကာ ပြစ်ဒဏ်ဘောကန်တင်ပေးလိုက်တာကို ဘယ်သူနဲ့မှ မထိဘဲ ဂိုးဝင်သွားလို့ အာဆင်နယ် ဒုတိယဂိုးရခဲ့ပါတယ်။

ဆာကာရဲ့ဖရီးကစ်ဂိုးဟာ ၂၀၀၂ နိုဝင်ဘာလတုန်းက ရိုးမားနဲ့ပွဲမှာ အွန်နရီ ဖရီးကစ်ကနေ ဂိုးသွင်းပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပွဲပေါင်း ၁၄၄ မြောက်မှ တိုက်ရိုက်ဖရီးကစ်သွင်းဂိုး ပြန်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာပဲ ၂-၀ ဂိုးပြတ်သွားတာကြောင့် အာဆင်နယ် ဖိအားလျော့သွားပြီး အနိုင်ရလဒ်ကို ထိန်းကစားခဲ့လို့ PSG အသင်း တိုက်စစ်ဆင်ခဲ့ပေမဲ့ ဂိုးသမားဒေးဗစ်ရာယာ ထုံးစံအတိုင်း ကာကွယ်မှုတွေလုပ်နိုင်ခဲ့တဲ့အတွက် ဂိုးမရဘဲ ၂-၀ ဂိုးရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

PSG အသင်းဟာ ၂၀၂၀ ဒီဇင်ဘာလအတွင်း မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရပြီးနောက်ပိုင်းကတည်းက အင်္ဂလိပ်ကလပ်တွေနဲ့ ချန်ပီယံလိဂ်အဝေးကွင်း နောက်ဆုံး ၄ ပွဲမှာ မန်စီးတီး(၂ ပွဲ)၊ နယူးကာဆယ်နဲ့ အခု အာဆင်နယ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ဥရောပပြိုင်ပွဲတွေမှာ PSG နဲ့ ၅ ကြိမ်ဆုံတွေ့ခဲ့ပြီး ရှုံးပွဲမရှိဘဲ ၂ ပွဲနိုင်၊ ၃ ပွဲသရေကျခဲ့တဲ့အတွက် စပို့တင်းလစ္စဘွန်း၊ စတန်းဒက်လိဂ်(၆ ပွဲ)တို့ပြီးရင် PSG က ဥရောပပြိုင်ပွဲမှာ အာဆင်နယ်အတွက် ရှုံးပွဲမရှိပွဲဆက်အများဆုံးပြိုင်ဘက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။