နယ်သာလန်ကလပ် အေဂျက်အသင်း လူငယ်ကစားသမား ဒီလစ်ဟာ မြင့်မားတဲ့ လုပ်ခလစာပေးချေဖို့ သဘောတူညီချက်နဲ့အတူ PSG ကို ရောက်ရှိလိမ့်မယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေ ပိုမို ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါတယ်။

ကစားသမားရဲ့ ချစ်သူနဲ့ မိသားစုဝင်တွေက ပဲရစ်မှာ အိမ်ရှာမှုကို စတင်ကာ ပြုလုပ်နေခြင်းကလည်း လာမယ့်ရာသီမှာ ဒီလစ် သွားရောက်ကစားမယ့် ကလပ်အသင်းက PSG ပါဆိုတဲ့ သတင်းတွေကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ကလည်း အပြိုင်ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်ကလပ်ဟာ ကစားသမားအတွက် တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်း ပေးချေမယ့် လုပ်ခမျိုးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေအပြီးမှာ ပွဲထွက်ခွင့် မသေချာတဲ့ ဘာစီလိုနာနဲ့ ဥရောပဝင်ခွင့် ဆုံးရှူံးထားတဲ့ ယူနိုက်တက်အစား PSG ကို ရွေးချယ်ခဲ့ပြီလို့ သိထားရတာဖြစ်တယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားကို ကမ်းလှမ်းတဲ့ ကလပ်တွေနဲ့ အေဂျက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပေးနိုင်ပေမယ့် PSG ပေးတဲ့ လုပ်ခကိုတော့ အပြိုင်အဆိုင် ပေးလိုခြင်း မရှိကြတာဖြစ်တယ်။ နယ်သာလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ဆယ်ကျော်သက် ကစားသမားလေးဟာ လာလီဂါနဲ့ ပရီးမီးယားလိဂ်ကို မပြောင်းခင်မှာ ပုံမှန်ပွဲထွက်ခွင့်ရ ကလပ်တစ်သင်းမှာ တိုးတက်မှုတွေ ရှာဖွေလိုခဲ့တာပါ။

ပြင်သစ်ကလပ်ဘက်က ဒီလစ်ကို ပေးချေမယ့် လုပ်ခလစာဟာ တစ်ပတ်ကို ပေါင် သုံးသိန်းခွဲကျော်မယ်လို့ ခန့်မှန်းရပြီး သူ့ကို စိတ်ဝင်စားတဲ့ အသင်း ၆ သင်းထဲမှာ ကစားသမားရဲ့ အေးဂျင့် တောင်းခံတဲ့ လုပ်ခကို ကျော်လွန်အောင် ပေးဖို့ ညိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလစ်ကို အပြီးသတ် ခေါ်ယူပြီးခဲ့ရင် ပီအက်ဂျီဟာ တိုက်စစ်သမား နေမာကို ပြန်လည်ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။ နေမာဟာ ပီအက်ဂျီကို ရောက်တဲ့နောက်ပိုင်း မကြာခဏ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတာဖြစ်ပြီး ချန်ပီယံလိဂ် အရေးကြီးအဆင့် ပွဲတွေမှာ မပါဝင်နိုင်တာက နှစ်ရာသီနီးပါး ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ဘရာဇီး တိုက်စစ်သမားကို ရောင်းထုတ်ဖို့ ပီအက်ဂျီက အလျှင်လိုမှာတော့ မဟုတ်ပဲ စိတ်ကြိုက် ပြောင်းရွှေ့ကြေး ရရှိဖို့ ကမ်းလှမ်းလာမယ့် အသင်းတွေကို စိတ်ရှည်ရှည် စောင့်သွားမှာဖြစ်တယ်။ နေမာကိုတော့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။