ဘလွန်းဒီအော် ဆု

(၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း မိုဒရစ်ရရှိသွားခဲ့ပြီး စီရော်နယ်ဒို ဂရစ်ဇ်မန်း အမ်ဘာပေ မက်ဆီတို့က ထိပ်ဆုံး ငါးယောက်စာရင်းမှာ အစဉ်တိုင်း ရပ်တည်ခဲ့ပါတယ်။

လီယို မက်ဆီဟာ 2006 ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဘလွန်းဒီအော် ဆုရဲ့ ထိပ်ဆုံး ကစားသမား 3 ဦး စာရင်းမှာ ပါဝင် နိုင်ခြင်း မရှိခဲ့ပဲ အဆင့် 5 နဲ့ သာ ကျေနပ်ခဲ့ ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာ အတွက် စပိန် ပြည်တွင်း ဖလား နှစ်လုံး ဆွတ်ခူးပေးခဲ့သူ ဖြစ်ပါတယ်။

ဘလွန်းဒီအော် ဆု မဲရလာဒ် များ

  • Modric – 753 points
  • Ronaldo – 476 points
  • Griezmann – 414 points
  • Mbappé – 347 points
  • Messi – 280 points
  • Salah – 188 points
  • Varane – 121 points
  • Hazard – 119 points
  • De Bruyne – 29 points
  • Kane – 25 points

2018 ဘလွန်းဒီအော် ဆုရှင် မိုဒရစ်က သူ့အနေနဲ့ အသင်းပြောင်းဖို့ လုံးဝ စိတ်ကူး မရှိပဲ ၊ ရီးရဲ မှာ ကစားသမားဘ၀ ကုန်ဆုံးတဲ့အထိ ကစားသွားချင်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်ဟာ ဝေဖန်မှုတွေ ခံနေရပေမယ့် ခြေစွမ်းတက်နေတဲ့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူသွားရင်လည်း အံ့သြစရာ မရှိဘူးလို့ ယူနိုက်တက် ကစားသမားဟောင်း နဗီးလ်က ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်ဟာ ပြိုင်ဘက်အသင်းများအတွက် ခက်ခဲတဲ့ နေရာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ စပါးကို အနိုင်ကစားထားတဲ့ အာဆင်နယ်အသင်း ခြေစွမ်းကို သတိပြုမိပြီး ဖြစ်မယ် မျှော်လင့်ကြောင်း ၄င်းက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ဂိုးတွေ ပြန်ပေးခဲ့ရပြီး ၂ဂိုးစီ သရေကျသွားတဲ့ ပွဲအပြီးမှာ ဆောက်သမ်တန် နည်းပြ မာ့ဟုခ်ျ ထုတ်ပယ်ခံလိုက်ရပါတယ်။ တန်းဆင်းဇုံမှာ ကျရောက်နေခဲ့လို့ မာ့ဟုခ်ျ ထုတ်ပယ်ခံရတာဖြစ်ပြီး ယူနိုက်တက် မန်နေဂျာ် မော်ရင်ညိုကလည်း နောက်ထပ် ထုတ်ပယ်ခံရမယ့် မန်နေဂျာစာရင်းထဲ ထိပ်ဆုံးက ပါဝင် ရေပန်းစားလျက် ရှိပါတယ်။

မော်ရင်ညိုက မန်ချက်စတာယူနိုက်တက် အဆင့် ၄ အတွင်း ၀င်ဖို့ဆိုတာ အံ့သြဖွယ်ထူးခြားဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမှပဲ ဒီရာသီမှာ ဖြစ်နိုင်တော့မယ် လို့ ယူနိုက်တက် ပရိသတ်တွေကို စကားပါးလိုက်ပါတယ်။ ဒီနှစ်မှာ ပြဿနာများစွာ ရှိခဲ့ပြီး ရာသီမစခင်တည်းကလည်း ခက်ခဲတဲ့ ဘောလုံးရာသီဖြစ်မယ်လို့ ၄င်း ကြိုတင်ပြောခဲ့တယ်လို့ မော်ရင်ညိုက ဆိုပါတယ်။

ချယ်ဆီး

ဆာရီပေးတဲ့ နေရာသစ်ကို ပျော်မွေနေပါကြောင်း ကန်တေက ထုတ်ပြောလာပါတယ်။ ကန်တေက ” ကျနော် ကစားရတဲ့ နေရာကို ကြိုက်ပါတယ်။ ရာသီစကတည်းက ဒီနေရာမှာ ယုံကြည်မှုရှိဖို့လည်း မန်နေဂျာက ကူညီပေးခဲ့တယ်။ အကောင်းဆုံး ကစားပေးနိုင်ဖို့ ကြိုးစားနေပြီး ပိုကောင်းကောင်း ကစားနိုင်လာပါလိမ့်မယ်။ ဒီရာသီမှာ ချယ်ဆီးနဲ့ အောင်မြင်မှုတွေရဖို့ မျှော်လင့်ပါတယ် ” လို့ ဖွင့်ပြောပါတယ်။

ချယ်ဆီးအသင်းနဲ့ အက်ဇ်ပလီကူတာတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ ESPN ရဲ့သတင်းအရ သိရပါတယ်။ စပိန်လက်ရွေးစင်ခံစစ်ကစားသမား အက်ဇ်ပလီကူတာဟာ ၂၀၂၀ ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး နောက်ထပ်ချုပ်ဆိုမယ့်စာချုပ်သစ်အရ ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်သလို တစ်ပတ်လုပ်ခလုပ်စာကလည်း ပေါင် ၁၅၀၀၀၀ အထိ ရရှိမယ်လို့ သိရပါတယ်။

ဖူလ်ဟမ်မန်နေဂျာ ရာနီရေရီက ချယ်ဆီးကွင်းလယ်လူ ဒရင့်ဝါးသားနဲ့ ပက်သက်ပြီး “ ကျနော် သူ့ကိုခေါ်ဖို့ စိတ်ဝင်စားနေရင်တောင် သတင်းသမားတွေကို မပြောပြနိုင်ပါဘူး။ ကစားသမားတွေကို ဘယ်လိုတိုးတက်လာအောင် လုပ်မလဲ အတူတကွ တောင့်တင်းတဲ့အသင်းအဖြစ် ဘယ်လိုကြိုးစားမလဲ။ အခုချိန်မှာတော့ ကျနော်ရဲ့စိတ်ထဲ ဖူလ်ဟမ်အသင်းပဲ ရှိပါတယ်။ သူတို့အကြောင်း နားလည်ဖို့ အချိန်လိုပါတယ် ” လို့ ပြောပါတယ်။

အေစီမီလန်အသင်းဟာ ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကို နှစ်နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပါတယ်။ ဒီရာသီ ချယ်ဆီးကွင်းလယ်မှာ ဂျော်ဂျင်ဟိုနေရာအတွက် အစားထိုးဖို့ရာ တစ်ဦးတည်းသော ယုံကြည်သူလို့ မန်နေဂျာဆာရီ ထုတ်ပြောထားတဲ့ စပိန်ကွင်းလယ်လူကို လန်ဒန်ကလပ်ဘက်က သက်တမ်းတိုးဖို့ စတင်လာခြင်း မရှိသေးပါဘူး။

ချဲဆီးမှာ ပုံမှန် ပွဲထွက် ကစားခွင့် မရတဲ့ အနေအထားဟာ ခက်ခဲတယ်လို့ ပြောဆို လိုက်တဲ့ ရူဘင် လော့ဖ်တပ်ချိခ် ကို ခေါ်ယူဖို့ ပဲလေ့ ၊ ဘုန်းမောက် ၊ ၀က်စ်ဟမ်း ၊ နယူးကာဆယ် နဲ့ ရှော်ကေး အသင်းတို့က အပြိုင် ချဉ်းကပ်လျှက် ရှိနေပါတယ်။

လီဗာပူး

လီဗာပူး ဘယ်ခြမ်းအစွန်လူ ရော်ဘတ်ဆန်က မာဆေးဆိုဒ်ဒါဘီပွဲမှာ အနိုင်ရလိုက်တာက မန်စီးတီးနဲ့ကြား အမှတ်ကွာဟမှုကို လျော့ချဖို့ကို ပိုမိုစိတ်အားထက်သန်လာစေတယ်လို့ ထုတ်ပြောပါတယ်။ မန်စီးတီးကို ကပ်လိုက်နိုင်ဖို့ အဲဗာတန်နဲ့ပွဲဟာ ကြီးမားတဲ့ နိုင်ပွဲလို့ ပြောဆိုပါတယ်။

အင်္ဂလန်ဂန္တဝင်ကြီး အလန်ရှီးယားက မာဆေးဆိုဒ်ဒါဘီပွဲမှာ အချိန်ပို ၆ မိနစ်ထိ ရောက်ခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်ကို ဝေဖန်လိုက်ပါတယ် “ ကွင်းလယ်ဒိုင်က နောက်ထပ် နှစ်မိနစ်ပေးလိုက်တာကို ကျနော် နားမလည်ပါဘူး။ အချိန်ပိုက 4 မိနစ် ပေးခဲ့တာပါ။ ဒါပေမယ့်လို့ လီဗာပူးက ၆ မိနစ်ထိရောက်အောင် ဘောလုံးကစားခွင့် ရခဲ့ပါတယ် ” လို့ ထောက်ပြခဲ့ပါတယ်။

ဒေါ့မွန်အသင်းလူငယ်ကြယ်ပွင့်ကစားသမား ပူလီဆစ်ဟာ ချယ်ဆီးအသင်းထက်စာရင် လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတယ်လို့ Evening Standard ရဲ့သတင်းအရ သိရပါတယ်။ ဒေါ့မွန်အသင်းရဲ့ ကစားကွက်ဖန်တီးရှင်ဖြစ်တဲ့ ပူလီဆစ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူလိုတဲ့အသင်းတွေ များပြားနေသူဖြစ်ပြီး ဒေါ့မွန်အသင်းက ချယ်ဆီးအသင်းနဲ့ ကနဦးပြောဆိုဆွေးနွေးမှုမှာ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ အထိ တောင်းဆိုထားတာဖြစ်ပေမယ့် ပူလီဆစ်က လီဗာပူးအသင်းကိုသာ ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

အာဆင်နယ်

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီရဲ့ ထုတ်ပြောမှုအရတော့ မန်ချန်စတာကို ထွက်ခွာမယ့် ခရီးမှာ အိုဇေးကို ခေါ်ယူသွားဖွယ် မရှိပါဘူး။ အသက် 30 အရွယ် ကွင်းလယ်လူဟာ နောက်ပိုင်းဒဏ်ရာကြောင့် တော်တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ မပါဝင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အိုဇေးရဲ့ဒဏ်ရာက အရင်ဒဏ်ရာ ပြန်ထလာတာလို့ နားလည်ထားရပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရေးပါလာကတော့ အသင်းအနေနဲ့ အိုဇေးလ်ကို ရောင်းချပြီး ရမ်ဆေးကို အသင်းမှာ ဆက်ထိန်းထားသင့်တယ်လို့ အကြံပေးပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်နည်းပြဖြစ်သူ အူနိုင်းအမ်မရီကတော့ ရမ်ဆေးကို ဆက်ထိန်းထားနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဖွင့်ဟပြောကြားသွားပါတယ်။

လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီးကော၊ အာဆင်နယ်ပါ ရိုးမားတောင်ပံသမား Cengiz ကို ကင်းထောက်လွှတ် စောင့်ကြည့်နေပါတယ်။ အသက် 21 နှစ်အရွယ် တူရကီလက်ရွေးစင်ရဲ့ တန်ကြေးက ပေါင် 45 သန်းထိ ရှိနိုင်ပြီး ဘိုင်ယန်မြူနစ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဒေးလီးမေးမှ ဘောလုံးကလောင်ရှင် Martin Keown ကတော့ လက်ရှိ ဂန်းနာအသင်းအတွက် ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ တော်ရဲရာဟာ ဗီရဲယာနောက်ပိုင်း အကောင်းဆုံး ကွင်းလယ်လူပါလို့ ချီးကျူးလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ခန္ဓာကိုယ် တည်ဆောက်ပုံခြင်း ကွာခြားပေမယ့်လို့ ကွင်းလယ်ကနေ မောင်းနှင်နိုင်စွမ်းနဲ့ တိုက်ပွဲဝင်လိုစိတ်တွေမှာ တူညီမှုရှိတယ်လို့ Martin Keown က သုံးသပ်သွားတာပါ။

မန်စီးတီး

အဲဗာတန်နဲ့ပွဲ အနိုင်ဂိုးရပြီးနောက် ကွင်းထဲရောက်သွားပြီး အောင်ပွဲခံခဲ့တဲ့ လီဗာပူး မန်နေဂျာ ကလော့ပ်ရဲ့ အခြေအနေကို နားလည်မိကြောင်း ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။ “ကျနော်လည်း ဆောက်သမ်တန်နဲ့ပွဲမှာ လုပ်မိခဲ့တယ်.. စိတ်လှုပ်ရှားမှု အရမ်းများတဲ့ အခိုက်အတန့်မျိုးမှာ ဒါမျိုး ဖြစ်တတ်ပါတယ်..။” လို့ ပက်က ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းမန်နေဂျာ ဂွာဒီယိုလာက အင်္ဂါနေ့ည ၀က်ဖို့နဲ့ပွဲစဉ်အတွက် ဇီချန်ကိုနဲ့ အဂွယ်ရို ပါဝင်နိုင်မလား မေးခွန်းကို မသိဘူးလို့သာ ဖြေကြားခဲ့ပါတယ်။ နေ့လည်မှာ ထရိန်နင်ရှိသေးတာကြောင့် ဒီမေးခွန်းကို မဖြေနိုင်သေးဘူးလို့ ပက်က ဆိုပါတယ်။ ဒီဘရိုင်း အဆင်သင့် မဖြစ်သေးတာ သေချာပေမယ့် ကျန်တဲ့နှစ်ယောက် အခြေအနေ မသိဘူးလို့ ဖြေခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ကစားရင်း လိုင်ယွန်ကစားသမားတွေနဲ့ ခြေစွမ်း အကျွမ်းတ၀င်ဖြစ်လာတဲ့ မန်စီးတီးဟာ လိုင်ယွန်ကွင်းလယ်ကစားသမား နှစ်ယောက်ဖြစ်တဲ့ Tanguy Ndombele နဲ့ Houssem Aouar နှစ်ယောက်လုံးကို အက်တီဟက်ဆီ အရောက်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီ ဖြစ်ကြောင်း သိရပါတယ်။

စပါး

တော့တင်ဟမ် အပါအ၀င် ဟားလ်စီးတီး တောင်ပံကစားသမား ဘိုဝမ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးများ စိတ်ဝင်စားနေပြီး ကင်းထောက်များ စေလွှတ် စောင့်ကြည့်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၁ အရွယ် တိုက်စစ်သမားကို စပါးအပြင် ယူနိုက်တက်နဲ့ အဲဗာတန်တို့ကပါ ခေါ်ယူလိုနေတာပါ။

အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA) ကတော့ အာဆင်နယ်နဲ့စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီမှာဖြစ်ပွါးခဲ့တဲ့ ပြဿနာတွေအတွက် နှစ်သင်းလုံးကို အရေးယူမှုတွေ ပြုလုပ်ဖို့ စွဲချက်တင်ထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မာဆေးဆိုက်ဒ်ဒါဘီမှာလည်း အော်ရီဂီရဲ့ အနိုင်ဂိုးအတွက် ကွင်းအတွင်း ပြေးဝင်ကာ အောင်ပွဲခံခဲ့တဲ့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကိုလည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အရေးယူဖို့ စွဲချက်တင်ထားပါသေးတယ်။

လူမျိုးရေးခွဲခြားတဲ့ အနေနဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းဆီ ငှက်ပျောခွံနဲ့ပစ်ပေါက်ခဲ့တဲ့ အပြုအမူကို အသင်းဘက်မှလည်း ရှုံ့ချကြောင်း စပါးအသင်း ပြောရေးဆိုခွင့် ရှိသူကပြောကြားထားပါတယ်။ ပွဲအပြီးမှာ အဆိုပါဖြစ်ရပ်အတွက် စပါးအသင်း ပရိသတ် ၃ ဦးကိုလည်း ရဲက ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

အခြား

မာဆေးလ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းရဲ့တိုက်စစ်မှူး မီလစ်ကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ နာပိုလီမဂ္ဂဇင်းရဲ့ရေးသားချက်အရ သိရပါတယ်။ မာဆေးလ်အသင်းနည်းပြ ရူဒီဂါစီယာဟာ လာမယ့်ရာသီမှာ ၎င်းရဲ့အသင်းဟာ ဥရောပမှာ နေရာတစ်နေရာအခိုင်အမာရရှိဖို့အတွက် တိုက်စစ်ကို အင်အားတောင့်တင်းအောင် ပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပြီး မီလစ်ဟာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုလို့ ယူဆနေတာဖြစ်ပါတယ်။ နာပိုလီအသင်းကတော့ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မီလစ်ကို ရောင်းချလိုစိတ်မရှိပေမယ့် ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိအောင် ရုန်းကန်နေရတဲ့ မီလစ်ကို အငှားချလိုနေတာဖြစ်ပါတယ်။

ဥရောပနေရှင်လိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပေါ်တူဂီ နဲ့ ဆွစ်ဇာလန်၊ နယ်သာလန် နဲ့ အင်္ဂလန် အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီပွဲစဉ်တွေကို ဇွန်လ (၅) ရက်နဲ့ (၆) ရက်နေ့တွေမှ ယှဉ်ပြိုင်သွားကြမယ်လို့ သိရှိရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ရာဘီရော့ဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နောက်ထပ်ဆွေးနွေးလိုစိတ်မရှိတော့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ RMC Sports က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ရာဘီရော့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ရာဘီရော့ဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ရာဘီရော့ဟာ အသင်းနဲ့ ဆွေးနွေးမှုကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အသင်းမှာရှိတဲ့လူအချို့က ရာဘီရော့ဟာ အခြားအသင်းနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်လောက်တယ်လို့ သံသယရှိနေကြပါတယ်။

ရိန်းဂျားအသင်းရဲ့နည်းပြ စတီဗင်ဂျရတ်ဟာ အဲဗာတန်အသင်းရဲ့ကွင်းလယ်ကစားသမား ကီရန်ဒိုဝဲလ်ကို လာမယ့်ဇန်နဝါရီလမှာ ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ စတီဗင်ဂျရတ်ဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကို ပိုမိုတောင့်တင်းအောင် ပြုလုပ်ဖို့ မျှော်လင့်နေတာဖြစ်ပြီး အင်္ဂလန်ယူ-၂၁ ကစားသမား ကီရန်ဒိုဝဲလ်ဟာ အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မာ့ခ်ျဟု ကို ထုတ်ပယ်ခဲ့တဲ့ ဆောက်သမ်တန် အသင်းကတော့ လိုက်ပ်ဇစ် အသင်းရဲ့ မန်နေဂျာဟောင်း ဟာဆန်ဟတ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။