ဩဂုတ်လအတွင်း စံချိန်တင်စျေးတန်းအဖြစ် ပြင်ပစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်ထိ တက်ခဲ့တဲ့ ဒေါ်လာစျေးဟာ မကြာသေးခင်က သီတင်းပတ်တွေအတွင်း ဆက်တိုက် ပြန်ကျဆင်းလာခဲ့ပြီဖြစ်သည်။
ဒီကာလတွေအတွင်း ဗဟိုဘဏ်က ငွေလဲနှုန်း ၃၅၀၀ ဝန်းကျင့်ဖြင့် ဒေါ်လာတွေ ထုတ်ရောင်းခဲ့သလို အတိုးနှုန်း ပြင်ဆင်မှုတွေအပြင် စျေးကွက်ထဲကို Online Trading Platform ကတစ်ဆင့် ဒေါ်လာတွေ ဆက်တိုက် ထုတ်ရောင်းခဲ့ရာက ငွေလဲနှုန်းတွေ၊ ရွေဈေးတွေ အကျဘက်ကို ရောက်ရှိလာတာ ဖြစ်သည်။
စက်တင်ဘာလအတွင်း ဒေါ်လာသန်း ရာချီ ရောင်းထုတ်ခဲ့တဲ့ ဗဟိုဘဏ်ဟာ လက်ရှိ အောက်တိုဘာလမှာလည်း ပထမသီတင်းပတ်မှာတင် အမေရိကန် ဒေါ်လာ ၁၄ သန်းကျော်၊ တရုတ်ယွမ် ၂.၅ သန်းကျော်နဲ့ ထိုင်းဘတ်ငွေ ၁၁ သန်းကျော် ရောင်းထုတ်ထားသည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အောက်တိုဘာ (၄)ရက် တွင် ကန်ဒေါ်လာ (၁၃) သန်းကျော်နှင့် တရုတ်ယွမ် (၂) သိန်းကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယင်းအပြင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို ဗဟိုဘဏ်၏ Online Trading Platform တွင် အမေရိကန် တစ်ဒေါ်လာလျှင် (၃၅၄၃) ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် (၄၉၈.၇၀) ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် (၁၀၇.၃၀) ကျပ် စျေးနှုန်းတွေဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ (၄၇၀၀) ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် (၆၆၀)ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၉) ကျပ် ဖြစ်ကြောင်း သိရသည်။