အာဆင်နယ် အသင်းဟာ စနေည အမ်းမရိတ်မှာ ဆောက်သမ်တန်ကို ဧည့်ခံ ကစားရာ ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဇယားထိပ်က လီဗာပူးနောက် ၁ မှတ်အကွာ ကို ပြန်ရောက်လာပါတယ်။

အာဆင်နယ်တို့ လွယ်လွယ် ဦးဆောင်နိုင်ခဲ့တာတော့ မဟုတ်ဘဲ ဒုတိယပိုင်းမှ သွင်းဂိုးတွေ ရခဲ့တာပါ။ ဒီညပွဲမှာ စတာလင်၊ ဂျေးဆုတို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ကာ ပြိုင်ဘက်အသင်းမှာ ဂန်းနားဟောင်း ဂိုးသမား ရမ်စ်ဒယ် ပါဝင်လာခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေက နွေးနွေးထွေးထွေး နှုတ်ဆက်ပေးခဲ့ကြပါတယ်။

တိုက်စစ်ပိုင်း အပြောင်းအလဲကြောင့်ပဲ ပထမပိုင်းမှာ အာဆင်နယ် ကစားပုံက အခက်တွေ့နေဟန်မျိုး ရှိပြီး သက်သက်သာသာ ဖိကစားနိုင်ခြင်း မရှိပါဘူး။ တည်ကန်ဘောတွေကနေပဲ ဂိုးရဖို့ ကြိုးစားနေတာမျိုးတောင် မြင်ခဲ့ရပါတယ်။

ဟာဗက်ဇ်ကို တိုက်စစ်မှာ တင်မထားချိန် အာဆင်နယ်က အစွယ်မရှိတဲ့ ကျားလိုဖြစ်နေခဲ့ပြီး စတာလင် ကိုယ်တိုင်ကလည်း အခွင့်အရေးတွေကို သွင်းဂိုးအဖြစ် မပြောင်းနိုင်တာက နစ်နာလှကာ ဂိုးမရှိရလဒ်ပဲ ထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဆောင်သမ်တန်တို့ မထင်မှတ်ဘဲ ဦးဆောင်ဂိုး ယူသွားခဲ့ပေမယ့် ၃ မိနစ် အကြာမှာပဲ ဟာဗက်ဇ်က သေသပ်တဲ့ ပိတ်ချက်နဲ့ ခြေပဂိုး ပြန်ယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ အမ်းမရိတ်မှာ ဟာဗက်ဇ်ရဲ့ ၇ ပွဲဆက်တိုက် ဂိုးရခြင်းဖြစ်သူ သူ့မတိုင်ခင် ဗန်ပါစီ တစ်ဦးတည်း လုပ်နိုင်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။

သရေဖြစ်သွားတဲ့နောက် အာဆင်နယ်ကပဲ ပွဲကို လွှမ်းမိုး ကစားခဲ့ပါတယ်။ မိနစ် အနည်းငယ်အကြာ ဆာကာရဲ့ အံ့မခန်း ဖြတ်တင်ဘောကို မာတင်နယ်လီ ပိတ်သွင်းတာက ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ VAR က လူကျွံနေမလား အချိန်ယူ စစ်ဆေးသေးပေမယ့် သွင်းဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။

အပိတ်ဂိုးကတော့ ဒီပွဲရဲ့ ဟီးရိုးဖြစ်တဲ့ ဆာကာကပဲ ကိုယ်တိုင် သွင်းယူခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ လီဗာပူးနဲ့ ၁ မှတ်အကွာ၊ မန်စီးတီးနဲ့ ရမှတ်တူ၊ သွင်းဂိုးတူတွေဖြင့် အဆင့် ၃ မှာ ရှိနေတာပဲ ဖြစ်ပါတယ်။