ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက စိုင်ခြုံကျေးဝရွာအနီးမှာ ရွှံ့မီးတောင်ပေါက်မှု အောက်တိုဘာလ ၅ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲခဲ့တဲ့မီးတောင်ဟာ ဝက်အင်းနဂါးနာမည်ရတဲ့ မီးတောင် ၄ ခုပါ မီးတောင်အုပ်စုထဲက မြောက်ဘက် အစွန်ဆုံးမီးတောင် ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မီးတောင် ပေါက်ကွဲမှုကနေ ထွက်တဲ့ ရွှံ့ရည်ပူတွေဟာ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ကွဲခဲ့ပြီး ဘေးပတ်လည် ပေ ၃၀၀ ခန့်အထိ ရွှံ့ချော်ရည်တွေ ဖုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နဲ့ လယ်ယာမြေစိုက်ခင်းများ ထိခိုက် ပျက်စီးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်ထဲမှာ ရွှံ့မီးတောင် ၁၀ ခုအထိ ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာလည်း ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လယ်ဧကတချို့ ရွှံ့ရည်ပူတွေ ဖုံးခဲ့ပါတယ်။