ဒီအပတ်တွေအတွင်း ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ ရွှေစျေးတို့ ကျဆင်းလာပေမယ့် အိမ်ခြံမြေစျေးကွက်အပေါ် တိုက်ရိုက် သက်ရောက်ခြင်း မရှိဘူးလို့ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
ဩဂုတ်လအတွင်း စံချိန်တင်စျေးတန်းအဖြစ် ပြင်ပစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်ထိ တက်ခဲ့တဲ့ ဒေါ်လာစျေးဟာ မကြာသေးခင်က သီတင်းပတ်တွေအတွင်း ဆက်တိုက် ပြန်ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။
ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ (၄၇၀၀) ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် (၆၆၀)ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၉) ကျပ် ဖြစ်ကြောင်း သိရပါတယ်။ ရွှေစျေးမှာလည်း ကျပ် ၆၃ သိန်း ပတ်လည်မှာ ရှိနေပါတယ်။
ဒါပေမယ့်လို့ လက်တလော ဒေါ်လာနဲ့ ရွှေစျေးကျခြင်းဟာ အိမ်ခြံမြေစျေးကွက်အပေါ် သက်ရောက်မှု မရှိကြောင်းကို ရန်ကုန်မြို့က နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တွေကနေ ပြောလာတာပါ။
လက်တွေ့မှာ ကုန်စျေးနှုန်းတွေ၊ ဆေးဝါးတွေ၊ စက်သုံးဆီးတွေ ကျဆင်းခြင်း မရှိသလို အိမ်ခြံမြေ အရောင်းစျေးကွက်မှာ စျေးချရောင်းလာကြတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် အိမ်ခြံမြေဆိုတာက ရွှေနဲ့ ဒေါ်လာလို မဟုတ်ဘဲ အကန့်အသတ်ရှိတဲ့ ပိုင်ဆိုင်မှုအမျိုးအစား ဖြစ်တာကြောင့် စျေးကွက်တွင်းမှာ ငွေလဲနှုန်းတွေ ကျဆင်းမှုအပေါ် လိုက်ပြီး တိုက်ရိုက် အချိုးချဖို့ မဖြစ်နိုင်ကာ လွယ်လွယ်ကူကူ လိုက်လံကျဆင်းလာဖွယ် မရှိဘူးလို့ သုံးသပ်ပေးသွားတာ ဖြစ်ပါတယ်။