နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က ခြံအမှတ်(၅)ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်နဲ့ အရောင်းအဝယ် ဖြစ်သွားခဲ့တာပါ။
အင်းလျားကန်ရှေ့က အဲဒီမြေကွက်ကို ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူသွားတယ်လို့ ဘီဘီစီရဲ့ ဖော်ပြချက်မှာ ပါဝင်လာခဲ့ပြီး အရောင်းအဝယ်ကို အသိုသိပ်ဆုံးလုပ်ခဲ့တယ် လို့ ဆိုပါတယ်။
ပြည်လမ်း(တံတားဖြူ) မှတ်တိုင်အနီးက တစ်ဧကခွဲ ကျယ်တဲ့ အဲဒီခြံနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ နိုင်ငံပိုင်သတင်းစာမှာ ကြေညာချက်ထည့်တဲ့အခါမှသာ သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။
ထူးကုမ္ပဏီရုံးချုပ်နေရာ ရောင်းချမှုနဲ့ပတ်သက်လို့ ဦးတေဇရဲ့ စီးပွားရေးအခြေအနေအပေါ် စိတ်ဝင်စားမှုမြင့်တက်နေကြပါတယ်။
‘’ဘာကြောင့်ရောင်းလဲဆိုတာ သူဌေးတွေကတော့ ထုတ်မပြောပါဘူး။ ဒါပေမဲ့ သူတို့(ဦးတေဇမိသားစု)ပိုင်ဆိုင်မှုတွေကတော့ အများကြီးရှိသေးတာပါပဲ’’ လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဦးတေဇဟာ သစ်၊ စက်သုံးဆီ၊ စားသုံးဆီ၊ လေကြောင်းလိုင်း၊ ဟိုတယ် နဲ့ ဘဏ်လုပ်ငန်းတွေကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်ကာ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူဌေးလို့ လူသိများလှသူဖြစ်ပါတယ်။