ဂျာမနီနဲ့ အာဆင်နယ် နာမည်ကျော် တိုက်စစ်မှူးဟောင်း ပိုဒေါလ်စကီးဟာ ငယ်ဘဝကလပ် ကိုလုံးအသင်းအတွက် အမှတ်တရ နှုတ်ဆက်ပွဲ ကစားပြီးတဲ့နောက် ၂၁ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သူ ပိုဒေါလ်စကီးဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝတစ်လျှောက် ကိုလုံး၊ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ အင်တာမီလန်၊ ဂါလာတာစာရေးစတဲ့ ဥရောပထိပ်တန်းအဆင့်ကလပ်တွေမှာ ကစားခဲ့ပြီး ဘွန်ဒစ်လီဂါ၊ ဂျာမန်ပိုကယ်လ်ဖလား၊ FA ဖလား၊ တူရကီရှုံးထွက်ဖလား၊ တူရကီစူပါဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။
ဂျာမနီလက်ရွေးစင်အသင်း၂၀၀၄ ကနေ ၂၀၁၇ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော် ကစားခဲ့ပြီး အကြီးမားဆုံးအောင်မြင်မှုအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
ပိုဒေါလ်စကီး နောက်ဆုံးကစားခဲ့တဲ့ကလပ်က ပိုလန်ကလပ် Górnik Zabrze အသင်းမှာဖြစ်ပြီး မနှစ်က မေလအတွင်း အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပေမဲ့ အခုအချိန်မှာတော့ ဘောလုံးသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ပိုဒေါလ်စကီးအတွက် နှုတ်ဆက်ပွဲအဖြစ် ပြီးခဲ့တဲ့ကြာသပတေးနေ့က Team Poldi အသင်းနဲ့ ကိုလုံးအကောင်းဆုံး ၁၁ ဦးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပိုဒေါလ်စကီးက နှစ်သင်းစလုံးအတွက် ပါဝင်ကစားခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ မျက်ရည်တွေနဲ့အတူ ပိုဒေါလ်စကီးက “ကျွန်တော့်အတွက် ကွင်းထဲမှာ ခြေချခွင့်ရမဲ့အချိန်တွေက အဆုံးသတ် သွားပါပြီ။ ဒါပေမဲ့လည်း ကွင်းပြင်ပမှာတော့ ပရိသတ်တွေနဲ့ ကျွန်တော် အမြဲတမ်းဆုံတွေ့နေမှာပါ။ တစ်ချိန်က ကိုလုံးအသင်း ပရိသတ်ဖြစ်ခဲ့သလို နောက်လည်းအမြဲတမ်း ကိုလုံးအသင်း ပရိသတ်ဖြစ်နေဦးမှာပါပဲ”
“ကျွန်တော့်အတွက် ထူးခြားတဲ့ ညနေခင်းလေးမှာ ပရိသတ်တွေအများကြီးလာရောက်အားပေးတာကို မြင်ရတော့ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ကိုလုံးအသင်းဂျာစီကို နောက်တစ်ကြိမ်ဝတ်ဆင်ခွင့်ရတာက ကျွန်တော့်အတွက် အရမ်းဂုဏ်ယူစရာကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အခုပွဲကို ပရိသတ် ၅၀၀၀၀ အထိ လာရောက်ကြည့်ရှုခဲ့ကြပြီး ပိုဒေါလ်စကီးရဲ့အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ နူအာ၊ ဟမ်းမဲလ်၊ မာတီဆက်ကာတို့ ပါဝင်ကစားခဲ့ကြသလို နည်းပြတွေအဖြစ် ဟန်စီဖလစ်ခ်နဲ့ ဂျိုအာချင်လိုးတို့က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။