မန်ယူအသင်း ဂန္တ၀င်ကစားသမား ရီယို ဖာဒီနန်က အိုးထရက်ဖို့ဒ်ထံ အသင်း အားကစား ဒါရိုက်တာရာထူး တာဝန်ယူကာ ပြန်လာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေသလို ဖာဒီနန် ကိုယ်တိုင်ကလည်း တကယ် ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောကြားမှု ပြုလုပ်သွားပါတယ်။

ဖာဒီနန်ဟာ ပြီးခဲ့တဲ့ ဧပြီလတည်းက အားကစား ဒါရိုက်တာရာထူး အတွက် အက်ဝုဒ်ဝပ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက ဖာဒီနန် ဘောလုံးကစားခြင်းမှ အနားယူသွားတဲ့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ၄င်းကို အသင်းထံ ပြန်လာဖို့ ချဉ်းကပ်မှုတွေ ရှိခဲ့တာပါ။

ဖာဒီနန်က လက်ရှိ အချိန်မှာ BT Sport အားကစားသတင်းဌာနမှာ ဘောလုံးသုံးသပ်သူ အဖြစ် တာဝန်ယူ လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် အခု မန်ယူက ကမ်းလှမ်းလာချိန်မှာ အသင်းထံ ပြန်လာဖို့ စိတ်ဝင်စားကြောင်း ဖာဒီနန်က ၀န်ခံ စကား ဆိုခဲ့ပါတယ်။

” ကျနော်လည်း လူသား တစ်ဦးပါ.. မန်ချက်စတာနဲ့ ကျနော့် ကြား ပတ်သတ် ဆက်နွယ်မှုကိုလည်း လူတိုင်း သိပါတယ်။ အသင်းမှာ လိုအပ်တဲ့ ရာထူးတချို့အတွက် ကျနော့်ကို လာမေးရင် ဆွေးနွေးမှုတွေ အဆင်ပြေခဲ့ရင် တာဝန်ယူဖို့ ကျနော့်မှာ တကယ်ပဲ ဆန္ဒရှိပါတယ်။ တကယ်ကို သေသေချာချာ ထိုင်စကားပြောပြီး တစ်ကယ် ဖြစ်နိုင်ဖွယ်ရာတွေကို ဆွေးနွေးမိမှာပါ ” လို့ ဖာဒီနန်က ဆိုပါတယ်။

ဖာဒီနန်ဟာ မန်ယူအသင်း အားကစား ဒါရိုက်တာ ဖြစ်လာပါက နည်းပြ ဆိုးရှားရဲ့ တောင်းဆိုမှုတွေကို လက်ခံနားထောင်ပြီး ကလပ်အသင်းနဲ့ ၄င်းကြား ညှိနှိုင်းဆွေးနွေးမူတွေ လုပ်ဆောင် ပေးရမှာပါ။