သီတင်းကျွတ် အားလပ်ရက်ကာလအတွက် မြန်မာပြည် နာမည်ကြီး နေရာတွေမှာ ဟိုတယ်အခန်း ကြိုတင်မှာယူမှုတွေ ပြည့်နေပြီး ခရီးသွားလုပ်ငန်းအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှု ကြီးမားမယ်လို့ မှန်းဆနေကြပါတယ်။
မကြာသေးခင်ကပဲ အင်းလေး၊ ကလောဘက်တွေမှာ ရေဘေး ရင်ဆိုင်ခဲ့ရတာကြောင့် ခရီးသွားတွေဟာ ပုဂံ၊ ကျိုက်ထီရိုး၊ ချောင်းသာ၊ ငွေဆောင်ဘက်ကို လည်ပတ်ကြတာများဖွယ်ရှိပါတယ်။
အင်လေး ဒေသခံတွေကတော့ ဒီရက်တွေထဲ ညောင်ရွှေမြို့အတွင်းရှိ အင်းလေး ဖောင်တော်ဦး ဘုရားပုရဝုဏ်အတွင်း ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်တာကြောင့် သီတင်းကျွတ်ရုံးပိတ်ရက်မှာ လာရောက်ဖူးမျှော်သူတွေ ရှိလာကာ ဒေသတွင်း စီးပွားရေးကို အထောက်အပံ့ပြန်ဖြစ်စေဖို့ မျှော်လင့်နေပါတယ်။
ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေမှာတော့ ယခင်နှစ်တွေကထက် ခရီးသွားဧည့်သည်တွေ လျော့နည်းဖွယ်ရှိနေပေမယ့် ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်တွေအတွက် ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေ အရှိန်ရနေပြီလို့ သိရတယ်။
မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာလည်း သီတင်းကျွတ် ရုံးပိတ်ရက်အတွင်း ဘုရားဖူးလာရောက်ကြရန် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှာ အခန်းမှာယူထားမူ ရာခိုင်နှုန်း ၉၀ ကျော် ပြည့်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံမှ သိရပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကမ္ဘာကျော် ခရီးသွားဒေသဖြစ်တဲ့ ပုဂံမှာ ဟိုတယ် မိုတယ် တည်းခိုရိပ်သာတွေ အားလုံးက ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ ကြိုတင်ပြင် ဆင်မှုတွေ တစ်လကျော်လောက်က ပြင်ဆင်ထားပါတယ်။
သီတင်းကျွတ် အားလပ်ရက် ပြည်တွင်း ခရီးသွားတွေကို မျှော်မှန်းပြီး ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ ၆ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်လေဆိပ်မှာ လေယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။