ပြင်သစ် U20 လက်ရွေးစင် ကစားသမား လောရီးရင့်တိုက်စစ်မှူး ကလောက်ဒီ မောရိုက်စ်က အာဆင်နယ်အသင်းထံ ပြောင်းလာဖို့ စိတ်အားထက်သန်နေပြီး ၄င်းကို အာဆင်နယ်အပြင် အခြားသော ကလပ်အသင်း ၁၀ သင်းကပါ ခေါ်ယူလိုနေပါတယ်။

ကလောက်ဒီ မောရိုက်စ်ကို အာဆင်နယ်အပြင် မွန်ချင်ကလာဘတ်၊ လိုက်ပ်ဇစ်၊ လိုင်ယွန်၊ လိုင်လီ၊ မိုနာကို၊ မာဆေး၊ ဆီဗီလာ၊ ဘရိုက်တန်၊ နယူးကာဆယ်၊ ၀က်စ်ဟမ်း စတဲ့ ကလပ်အသင်းတွေက ကြိုးစားနေကြပြီး အာဆင်နယ်က ပြီးခဲ့တဲ့ စနေကပဲ ပေါင် ၁၄ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ထားကြောင်း သိရပါတယ်။

အေစီမီလန်အသင်းက ပစ်မှတ်ထားလာတဲ့ ကွင်းလယ်ကစားသမား တော်ရဲရားကို အာဆင်နယ်က ရောင်းချလိုခြင်း မရှိဘဲ အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လောရီးရင့် တိုက်စစ်မှူး အဲလစ်ဆစ် ကလောက်ဒီ မောရိုက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမား အတွက် တန်ကြေး ပေါင် ၁၈ သန်းနဲ့ အာဆင်နယ် ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

2019 UEFA Golden Boy ဆု ဆန်ကာတင်စာရင်းထဲမှာ အာဆင်နယ်အသင်းက ကစားသမား ၄ ဦးထိ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းက မက်တီယို ဂွမ်ဒူဇီ၊ ဂျိုး ဝေးလော့ခ်နဲ့ အက်ဒီ နကီတီယာတို့အပြင် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့ ယူ-၂၃ ကွင်းလယ်လူ ချာလီ ဂေးလ်မောလည်း ပါဝင်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံစတား တောင်ပံတိုက်စစ်သမား ရင်းနစ် ကာရက်စကိုကို ခေါ်ယူဖို့ လက်လွတ်ရမယ့် အရေး ရင်ဆိုင်နေရပါတယ်။ ၄င်းရဲ့ လက်ရှိကလပ် Dalian Yifang က ကာရက်စကိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ အလိုရှိနေပြီး အာဆင်နယ်အတွက် အခက်တွေ့မယ့် ပမာဏ ဖြစ်နေခဲ့တာပါ။

အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ ခြေစမ်းပွဲ ကစားသွားကြမှာ ဖြစ်ပါတယ်။ ထိုပွဲက အာဆင်နယ် အသင်းရဲ့ လက်ရှိရာသီ နောက်ဆုံး ခြေစမ်းပွဲဖြစ်လာမှာဖြစ်ပြီး ပွဲပြီး နောက်တစ်ပတ်မှာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။