မနေ့ညက ဘုန်းမောက်နဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ အာဆင်နယ်အသင်းဟာ အဓိကနောက်ခံလူ ဆာလီဘာ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
နည်းပြအီရာအိုလာရဲ့ ဘုန်းမောက်အသင်းဟာ အိမ်ကွင်းဆိုရင် အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိတဲ့အတိုင်းပဲ အခုပွဲမှာလည်း အာဆင်နယ်ကို ခြေစွမ်းပြပြီးတော့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်ပါတယ်။
အော်ဒီဂါ မပါနိုင်ချိန်မှာ အဓိကတောင်ပံတိုက်စစ်ကစားသမား ဆာကာလည်း ဒဏ်ရာကြောင့် မကစားနိုင်လို့ အာဆင်နယ်တိုက်စစ်က အားနည်းချက်ရှိခဲ့ပြီး စတာလင်၊ ထရော့ဆာ့ဒ်၊ မီခေးလ်မော်ရီနိုတို့ဟာ ထိရောက်တဲ့ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။
အာဆင်နယ်အတွက် အခြေအနေ ပိုဆိုးသွားတာက ပထမပိုင်းမိနစ် ၃၀ မှာ နောက်ခံလူ ဆာလီဘာဟာ ဘုန်းမောက် တိုက်စစ်မှူး အီဗန်နယ်လ်ဆင်ကို ဆွဲလှဲချခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာပါပဲ။
ဆာလီဘာဟာ Last Defender ဖြစ်နေတာကြောင့် ဒီလိုအနေအထားမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ဒီအနီကတ်က ဘာမှ အငြင်းပွားစရာ မရှိပါဘူး။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ဒီကလန်ရိုက်စ်၊ ထရော့ဆာ့ဒ်နဲ့ အခု ဆာလီဘာတို့ အနီကတ်ထိခဲ့တာကြောင့် ရာသီအစမှာပဲ အနီကတ် ၃ ကြိမ်ပြခံခဲ့ရတဲ့အတွက် အာတီတာအနေနဲ့ သူ့ကစားသမားတွေကို စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းဖို့ သတိပေးသင့်နေပါပြီ။
အခုလည်း ဆာလီဘာဟာ အနီကတ်ပြစ်ဒဏ်နဲ့ ပွဲပယ်ခံရမှာဖြစ်လို့ လာမဲ့ လီဗာပူးလ်နဲ့ပွဲကြီးပွဲကောင်းကို လွဲချော်မှာဖြစ်ပါတယ်။
လူတစ်ယောက်လျော့သွားပြီဆိုတာနဲ့ ဗျာများပြီး ပေါက်ကရတွေလုပ်လေ့ရှိတဲ့ အာတီတာဟာ အခုပွဲမှာလည်း ၃၇ မိနစ်မှာပဲ စတာလင်ကို ထုတ်ပြီးတော့ နောက်ခံလူ ခီဗီယောကို အစားထိုးခဲ့ပြန်ပါတယ်။
ခီဗီယော ဝင်လာလို့ အာဆင်နယ်ခံစစ် လုံခြုံသွားတာမျိုး မရှိဘဲ ပယ်နယ်တီက သူ့အမှားကနေ စတင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမိနစ် ၇၀ မှာ ထောင့်ကန်ဘောကနေ ခရစ္စတီးက အဖွင့်ဂိုးသွင်းခဲ့ပြီး ၇၉ မိနစ်မှာ ခီဗီယော Back Pass အပေးမှားမှုကနေ ဒေးဗစ်ရိုင်ယာက အီဗန်နယ်လ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အာဆင်နယ် ပယ်နယ်တီပေးခဲ့ရပါတယ်။
အီဗန်နယ်လ်ဆင်ဟာ အခုပွဲမှာ အာဆင်နယ်ကို ကောင်းကောင်းဒုက္ခပေးခဲ့သလို သူ့ကြောင့် ဆာလီဘာအထုတ်ခံရတဲ့အပြင် ပယ်နယ်တီပါ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပယ်နယ်တီကို ဂျက်စတင်ကလွိုက်ဗက်က ကန်သွင်းပြီး အိမ်ကွင်းမှာ အနိုင် ၃ မှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။
ဘုန်းမောက်အသင်းဟာ ၂၀၁၈ ဇန်နဝါရီလတုန်းက အာဆင်နယ်ကို ၂-၁ ဂိုးနဲ့အနိုင်ရပြီးတဲ့နောက် အခုမှ ဒုတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရသလို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက ဖူလ်ဟမ်ကို ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်း ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကောင်းကလည်း အဆုံးသတ်ခဲ့ရပါပြီ။