အာဆင်နယ် ကွင်းလယ် ကစားသမား ဒီကလန် ရိုက်ဟာ စနေနေ့ညက ဘုန်းမောက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းဖော်တွေအား ဒီလို ဆက်ဖြစ်လို့ မရကြောင်း သတိပေးခဲ့ပါတယ်

အာဆင်နယ်အသင်းဟာ ဆုဖလားပြိုင်ပွဲမှာ စောစောစီးစီး ခြေချော်တဲ့ လက္ခဏာမျိုး မြင်တွေ့ခဲ့ရတာဖြစ်ပြီး ရိုင်ယန် ခရစ္စတီးက ဘုန်းမောက်အတွက် ထောင့်ကန်ဘောကနေတဆင့် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဂျပ်စတင် ကလွိုက်ဗက်က ပင်နယ်တီကနေတဆင့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပထမပိုင်းမှာ ဝီလီယံ ဆာလီဘာက အီဗန်နေလ်ဆင်ကို နောက်ဆုံး နောက်ခံလူအဖြစ် ဆွဲလှဲခဲ့တဲ့အတွက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ကြိမ်မြောက် ကစားသမား ထုတ်ပယ်ခံရမှုဖြစ်ခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာ ဒီကလန် ရိုက် အငြင်းပွားဖွယ် ထုတ်ပယ်ခံရပြီးနောက်ပိုင်း အီတီဟတ်ကွင်းမှ ထရော့ဆာ့ဒ် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ ပထမဆုံး ရှုံးပွဲရင်ဆိုင်ခဲ့ရပြီးနောက် တာဝန်ရှိသူတွေကို စောဒကတက်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲပြီးအင်တာဗျူးမှာ အင်္ဂလန်ကွင်းလယ်လူက အဲဒီအမှားအတွက် နောက်ဆုံးမှာ အသင်းဖော်ကိုသာ အပြစ်တင်ရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ၈ ပွဲမှာ ၃ ကြိမ်အထိ ကိုယ့်ဘာသာကိုယ် ဒုက္ခရောက်အောင်လုပ်ခဲ့မိတယ်။ ကျွန်တော်တို့ ဘရိုက်တန်၊ မန်စီးတီးတို့နဲ့ပွဲမှာ အနီကတ်ထိခဲ့တယ်။ ဘုန်းမောက်နဲ့ပွဲမှာလည်း ဆက်ပြီးတော့ အမှားလုပ်ခဲ့မိပြီး ၂-၀ ဖြစ်သွားခဲ့တယ်။

ကျွန်တော် ကစားသမားတွေ တိုက်ပွဲဝင်တာကို ဂုဏ်ယူပါတယ်။ တစ်ယောက်လျော့နဲ့ ဆိုတာတောင်မှပေါ့။ ဒါပေမယ့် ကျွန်တော်တို့ နုံအမှုနဲ့ အမှားတွေ လုပ်နေတာကို ရပ်တန့်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ မိနစ် ၉၀ စလုံး ကစားသမား ၁၁ ယောက်ရှိနေဖို့လိုလို့ပါ။ ဒါကပဲ ခင်ဗျားကို နိုင်ပွဲတွေ ရစေမှာပါ။

၁၀ ယောက်တည်းနဲ့ ကျွန်တော်တို့ ပွဲစဉ်ထဲမှာ ဆက်ရှိနေနိုင်အောင် စိတ်ဓာတ်ပိုင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပြသခဲ့တယ်။ ကြီးမားတဲ့အခွင့်အရေးက မာတီနယ်လီရဲ့ အခွင့်အရေးဖြစ်ပြီး ဂိုးသမားက သူ ဘာလုပ်မလဲဆိုတာ ကြိုဖတ်နိုင်ခဲ့ပြီး အရမ်းကောင်းတဲ့ ကာကွယ်မှု လုပ်နိုင်ခဲ့တယ်။

နောက်ထပ် ၁ မိနစ်အကြာမှာ ပုံမှန်အတိုင်းဆိုရင် ကျွန်တော်တို့ အားအရမ်းကောင်းနေကျဖြစ်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ကို ဂိုးသွင်းယူသွားခဲ့တယ်။ ကျွန်တော်တို့ ရူးမိုက်တဲ့အမှားတွေကို လုပ်လို့မရဘူး။

ကွင်းထဲမှာ အကောင်းဆုံး ကစားသမားတွေ အားလုံးကို ရှိဖို့ လိုတယ်။ ယုံကြည်မှုက အရမ်းမြင့်မားနေရမယ်။ ကျွန်တော်တို့အားလုံး တသားတည်းဖြစ်နေရမယ်။ ဒါက ဘောလုံးပါ။ အရေးအကြီးဆုံးအရာက ဘာတွေပဲ ဖြစ်ဖြစ် အားလုံး တသားတည်း ရှိနေဖို့ဖြစ်ပြီး မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ရှိနေဖို့ပါ။”လို့ ပြောဆိုခဲ့ပါတယ်။