ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် အောက်တိုဘာ ၂၀ ရက်၊ ဒီနေ့ ညနေ ၄ နာရီကနေ အောက်တိုဘာ ၂၁ ရက် မနက်ဖြန် ညနေ ၄ နာရီအထိ မိုးကြီးနိုင်တာအပြင် မုန်တိုင်းအခြေအနေ ကိုလည်း စောင့်ကြည့်ဖို့လိုတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။
“၂၄နာရီအတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးအနောက်ခြမ်း၊ နေပြည်တော်နဲ့ နီးတဲ့နားက ပဲခူးအရှေ့ခြမ်းတွေမှာ မိုးကြီးပါမယ်။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းဖြစ်နိုင်တာကိုစောင့်ကြည့်ရမှာဖြစ်တဲ့အတွက် အထူးသတိထား စောင့်ကြည့်ဖို့လိုပါတယ်”လို့ ပြောပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဒီလေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဖြစ်အဖြစ် ပြောင်းလဲနိုင်ခြေရှိပြီး နောက် ၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒီနေ့ ကနေ အောက်တိုဘာ ၂၄ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးထစ်ချုန်းရွာနိုင်တာ၊ တချို့နေရာမှာ မိုးကြီးတာနဲ့ လေပြင်းတိုက်နိုင်တဲ့ အခြေအနေတွေကို သတိပေးချက်ထုတ်ပြန်ထားတာပါ။