လီဗာပူးလ်နည်းပြ အာနယ် ဆလော့က တနင်္ဂနွေနေ့ညက အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်က ပြိုင်ဘက် အာဆင်နယ် တိုက်စစ်သမား ဘူကာယို ဆာကာရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်အတွက် အမ်းမရိတ်စ်ကွင်းမှာ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဘန် ဝှိုက်ရဲ့ အဝေးဘောကို ထိန်းပြီး ရောဘတ်ဆန်ကို လှည့်ထွက်ပြီး ကန်သွင်းနေကျပုံစံအတိုင်း ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်က ပထမပိုင်းမပြီးဆုံးခင်မှာပဲ လီဗာပူးလ်အတွက် ချေပဂိုး ပြန်သွင်းယူပေးခဲ့ပေမယ့်လည်း အာဆင်နယ်က ပထမပိုင်းပြီးဆုံးခါနီး ၂ မိနစ်အလိုမှာ မယ်ရီနိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်က ဒုတိယပိုင်းမှာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့လက္ခဏာတွေ ပြသခဲ့ပြီး မိုဟာမက် ဆာလားရဲ့ ချေပဂိုးကြောင့် အမ်းမရိတ်စ်ကွင်းကနေ သရေ ၁ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဆလော့က အာဆင်နယ်ရဲ့ မတူညီတဲ့ ကစားကွက်တွေနဲ့ ပြိုင်ဘက်တွေကို အဆက်မပြတ် အံ့အားသင့်အောင် လုပ်နိုင်စွမ်းကို ချီးကျူးခဲ့ပြီး လီဗာပူးလ်အနေနဲ့ ဆာကာကို ထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ပြင်းအားက တခြားအဆင့်တစ်ခုမှာ ရှိခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ပထမပိုင်းက ကျွန်တော်တို့အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ သူတို့တွေ ခင်ဗျားကို အံ့အားသင့်စေခဲ့သလားဆိုရင် တကယ်ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူတို့တွေက မတူညီတဲ့ ကစားကွက်အများအပြားနဲ့ ကစားနိုင်ပြီး သူတို့တွေ ဘယ်လိုတွေ တိုက်စစ်ဆင်လာမလဲဆိုတာကို ခင်ဗျား အမြဲတမ်း သိချင်နေတာမို့လို့ပါ။ သူတို့တွေ အခု False 9 နဲ့အတူ သူတို့ရဲ့ ကွင်းလယ်ကစားသမားတွေကို တောင်ပံထွက်ကစားခိုင်းပြီး ကစားခဲ့တယ်။

အဲဒီတော့ ကျွန်တော်တို့ ပထမပိုင်းမှာ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ မခံစားခဲ့ရပါဘူး။ ကျွန်တော် ဒီပွဲမှာ တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့တာတော့ တကယ်စိတ်ကျေနပ်မိခဲ့ပါတယ်။ ကျွန်တော်တို့လည်း တစ်ဂိုးပြန်ပေးခဲ့ရတယ်။ ဒါပေမယ့် အာဆင်နယ်က ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်နိုင်ဖို့ ထိုက်တန်ခဲ့ပါတယ်။

ပထမဂိုးကတော့ ဆာကာရဲ့ အရည်အသွေးက ဘာလဲဆိုတာ ဥပမာအဖြစ်နဲ့ မြင်တွေ့ခဲ့ရတာပါ။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ခဲ့ရမှာဖြစ်ပေမယ့် တစ်ခါတလေမှာ ခင်ဗျား ဒီလိုမျိုးပွဲတွေမှာ ဒီလို ကစားနိုင်တဲ့ ထူးခြားတဲ့တောင်ပံကစားသမားတွေကို ချီးကျူးရမှာပါ။

ဆာကာက အထူးသဖြင့် ပထမပိုင်းမှာ အရမ်းကို ပြောင်မြောက်တဲ့ပွဲတစ်ပွဲကစားနိုင်ခဲ့တယ်လို့ ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။