စနေည စိန့်ဂျိမ်းပါ့ခ်မှာ ကန်တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ နယူးကာဆယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်သွားတဲ့နောက် ရာသီစမှာတင် ချန်ပီယံ မျှော်လင့်ချက် အတွက် ကြီးမားတဲ့ ခြိမ်းခြောက်ခံရမှုတွေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
နည်းပြ အာတီတာဟာ ထရော့ဇတ်နဲ့ ဟာဗက်တို့ကို အထောင်ထားကာ ၄-၄-၂ ပုံစံဖြင့် ပွဲထုတ် လာပေမယ့် တိုက်စစ်ဦးဆောင်သူ ပျောက်ဆုံးနေခဲ့ပါတယ်။ ဖိအားပေးမှုတွေ မှန်ကန်ခြင်း မရှိသလို ခံစစ်ကို ပြန်ဆင်းရာမှာလည်း သေသပ်ခြင်းမရှိလှဘဲ ကောင်တာတွေကိုပါ မဖော်ဆောင်နိုင်ခဲ့ပါဘူး။
နယူးကာဆယ်တို့ ခပ်စောစောရခဲ့တဲ့ သွင်းဂိုးမှာဆိုရင် ဗဟိုခံစစ်မှူး ၂ ဦးနဲ့ အစွန်သမား ပါတေးတို့ရဲ့ ပေါ့ပေါ့ဆဆ ကစားမှုကနေ အိုင်ဆက်က အလွတ်ကြီးကို နေရာယူ ခေါင်းတိုက်ခွင့်ရသွားခဲ့တာပါ။
အာဆင်နယ်ဘက်က စိတ်ရှည်ရှည်ကစားပေမယ့် သက်ရောက်မှုကောင်း မပြနိုင်ဘဲ အာရုံစိုက်မှုအပြည့်ဖြင့် ကစားနေတဲ့ နယူးကာဆယ်ထံက ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကိုသာ မြင်ခဲ့ရပါတယ်။
အထူးသဖြင့် အာဆင်နယ် ကစားသမားတွေ တိုက်စစ် ကစားချိန်တွေမှာ ပြိုင်ဘက် ဧရိယာထဲ နောက်ဆုံးပေးချက်တွေ လုပ်နိုင်စွမ်း မရှိခဲ့ဘဲ ဘောလုံးပေးဖို့ထက် ဘောလုံးနဲ့အတူ ဝင်ပြေးဖို့ပဲ အားသန်ခဲ့ကြတယ်။
အသင်းခေါင်းေ်ဆာင် အိုဒီဂတ် မရှိခြင်းနဲ့အတူ အာဆင်နယ်အသင်းမှာ ဖန်တီးမှုတွေ ပျောက်ဆုံးနေခဲ့တယ်။ ပွဲပြီးခါနီးမှာ ခြေပဂိုးရရမယ့် အခွင့်အရေးကိုလည်း ရိုက်စ်က အံ့ဖွယ် လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဒီည ဘုန်းမောက်ပွဲကို မန်စီးတီး အနိုင်ရမယ်ဆိုရင် အာဆင်နယ်ဟာ ဇယားထိပ်နဲ့ ၈ မှတ်ထိ ပြတ်သွားမှာဖြစ်သလို လီဗာပူးက ဘရိုက်တန်ကို အနိုင်ရမယ်ဆိုရင် ၇ မှတ်ထိ ပြတ်သွားတော့မှာပါ။
လက်ရှိ အချိန်မှာ ရာသီ အစောပိုင်းလို့ ပြောလို့ရသေးပေမယ့် ၁ဝ ပွဲ ကစား ၂ ပွဲ ရှုံးထားတဲ့ အာဆင်နယ်ဟာ ဖလားစိန်ခေါ်ဖို့ အလှမ်းဝေးလာနေပြီ ဖြစ်ပါတယ်။