အာဆင်နယ် နောက်ခံလူ ဝီလီယံ ဆာလီဘာက စနေနေ့ညက နယူးကာဆယ်အသင်းကို နောက်ထပ် ရှုံးပွဲ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်က ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာစီးတီးကို ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ရာသီကုန်တဲ့အထိ ဖိအားပေးနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာတော့ ပြီးခဲ့တဲ့ရာသီတွေကလို ထိပ်တန်းစွမ်းဆောင်ရည် ပြသနိုင်ခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ်အဖွင့် ၁၀ ပွဲမှာ ၅ ပွဲသာ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ဂွန်းနားတွေဟာ ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ ရမှတ်တွေလျော့ကျခဲ့ပြီးနောက် စိန့်ဂျိမ်းစ်ပါ့ခ်မှာ မဖြစ်မနေ အနိုင် ၃ မှတ် ရယူချင်ခဲ့တာဖြစ်ပေမယ့်လည်း အလက်ဇန်းဒါး အီဆက်ခ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာကနေ လိုက်ကစားနေရတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက ဘုန်းမောက်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ချိန်မှာ အခွင့်ကောင်း မယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အားလုံး နည်းနည်း ဝမ်းနည်းနေကြတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့အနိုင်လိုချင်ခဲ့ကြလို့ပါ။ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ နိုင်ပွဲမယူနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ကြဘူး။

ကျွန်တော်တို့ ဒီနေ့ ရှုံးတာက ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကစားချင်သလို မကစားနိုင်ခဲ့သလို သူတို့ကစားတာကလည်း အရမ်းကောင်းခဲ့တယ်လို့ ထင်တယ်။ အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော်တို့ လာမယ့်အပတ်အပေါ်မှာ အာရုံစိုက်သွားမှာပါ။ ဆုဖလားမျှော်လင့်ချက်က အဆုံးမသတ်သေးပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။