ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် EV လျှပ်စစ်ကားတင်သွင်းနေသည့် ဦးကြည်သာဟန် ဖမ်းဆီးခံထားရကြောင်း လူမှုကွန်ရက်တွင် အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။
EV ကားကိစ္စအပါအဝင်၊ ဘဏ်အကြွေးပြဿနာ၊ ရှယ်ယာကိစ္စများနှင့်ပတ်သက်၍ အဖမ်းခံထားရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင်ရေးသားထားသည်။
“ကြည်သာဟန်အဖမ်းခံထားရတယ်ဆိုပြီး လိုင်းပေါ်မှာသတင်းတွေတက်နေတာတွေ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပြုလိုဘူး။ သူအကောင်းဆုံး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးလို့ပဲရမယ်။” ဟု ကားလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဦးကြည်သာဟန်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ကားအမျိုးအစား BYD နှင့် MG အမှတ်တံဆိပ် EV လျှပ်စစ်ကားများကို ဒုတိယအများဆုံးတင်သွင်းနေသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်အပါအဝင် အရေးပါသည့်မြို့ကြီးများတွင်လည်း EV လျှပ်စစ်ကားများ အားသွင်းမည့်နေရာများကို ခွင့်ပြချက်ရရှိထားကြောင်း၊ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း BYD အမှတ်တံဆိပ်လျှပ်စစ်ကားအစီးရေ ၆၇၁ စီး၊ MG အမှတ်တံဆိပ် EV လျှပ်စစ်ကားအစီးရေ ၅၄၂ စီးတင်သွင်းထားကြောင်း သိရသည်။
အထက်ပါသတင်းနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအတည်ပြုချက်ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။