အာဆင်နယ် အသင်းဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လှမ်းလာမယ်လို့ အားလုံးက ယုံကြည်နေခဲ့ကြတာပါ။ ဒါတင်မကသေးပါဘူး။ ဒီရာသီမှာ နှစ်ပေါင်းများစွာ စောင့်စားနေတဲ့ ပရီးမီးယားလိဂ်ဖလားကြီးပါ ရောက်လာမယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီရာသီမှာ အာဆင်နယ်ဟာ ထင်သလို ဖြစ်မလာဘဲ ခြေလှမ်းတွေက ရှေ့သို့ မရောက်ဘဲ နောက်ပြန်ဆုတ်နေတာတွေ့ရပါတယ်။ အခု အခြေအနေအရ အာဆင်နယ်ရဲ့ စိန်ခေါ်မှုက အဆုံးသတ်သွားပြီလားလို့တောင် မေးခွန်းထုတ်ရမဲ့ကိန်း ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်ရာသီဆက် မန်စီးတီးကို စိန်ခေါ်ခဲ့တဲ့ အာဆင်နယ်ဟာ စနေနေ့တုန်းက နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ ၁၀ ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၇ မှတ်ကွာဟသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းကို ပြန်ပြောင်းကြည့်ရင် ၁၀ ပွဲကစားပြီးချိန်မှာ အံ့ဖွယ် Comeback တွေနဲ့ ချန်ပီယံဖြစ်ဖူးတဲ့အသင်းဆိုလို့ ဘလက်ဘန်း တစ်သင်းတည်းပဲ ရှိပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက ဘလက်ဘန်းဟာ နယူးကာဆယ်ရဲ့ ၈ မှတ်ဖြတ်ခံရပြီးမှ ချန်ပီယံဖြစ်ခဲ့တာပါ။
ယင်းသို့ အမှတ်ပမာဏမျိုးနီးပါး ကွာဟပြီးမှ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေအဖြစ် ယူနိုက်တက် (၂၀၀၂-၀၃)၊ မန်စီးတီး (၂၀၁၃-၁၄/၂၀၂၀-၂၁)တို့ ဖြစ်ပါတယ်။ အဲဒီအသင်းတွေဟာ ၁၀ ပွဲကစားပြီးချိန်မှာ ၆ မှတ်ကွာဟပြီးမှ ချန်ပီယံဖြစ်လာခဲ့တာပါ။
အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီယွန်က “ရာသီကုန်ဖို့က အများကြီးလိုသေးတယ်။ ဒါပေမဲ့ အာဆင်နယ်က အများကြီးနောက်ကျကျန်ခဲ့ပြီ။ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်။
မန်စီးတီးနဲ့ အနီးကပ် ၂ ရာသီဆက် ယှဉ်ပြိုင်ပြီးမှ အခု ပြိုင်ဆိုင်မှုထဲမှာ မပါတော့ဘူး။ အဝတ်အစားလဲခန်းမှာလည်း အခက်တွေ့လာတော့မယ်။ အာဆင်နယ်ဘာမှ မပြောင်းလဲပါဘူး။ ချန်ပီယံလို မကစားဘူး။ အခု အနာကို လျာနဲ့ ယက်ပြီး ကုသနေပြီ”လို့ ဝေဖန်သုံးသပ်သွားပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ရာသီမှာ ချန်ပီယံဖြစ်တဲ့အသင်းဟာ ပျမ်းမျှ ရမှတ် ၂၀ ပဲ ဆုံးရှုံးရတာ တွေ့ရပါတယ်။
အခု အာဆင်နယ်ဟာ ရမှတ် ၁၂ မှတ် ဆုံးရှုံးထားရပြီး ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ဒုတိယရတုန်းက ရမှတ် ၂၅ မှတ်ဆုံးရှုံးခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပထမဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲလုံး ရှုံးပွဲမရှိခဲ့ဘဲ ရမှတ် ၆ မှတ်တည်းသာ ဆုံးရှုံးခဲ့ပါတယ်။