အာဆင်နယ် အသင်းရဲ့ အားထားရတဲ့ အားကစားဒါရိုက်တာ အီဒူးဟာ ဂန်းနားတွေကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။

အီဒူးဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ အသင်းကို ဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်တာကြောင့် အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟောင်းဟာ အာဆင်နယ်အတွက် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ နည်းစနစ် ဒါရိုက်တာဖြစ်လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဒူးဟာ ဒီကလန် ရိုက်၊ မာတင် အော်ဒီဂွါဒ်တို့လိုမျိုး ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးခြင်းခံခဲ့ရပြီး ဘရာဇီးလ်သားဖြစ်တာကြောင့် ဂါဘရီယဲလ် မာတီနယ်လီလိုမျိုး ပါရမီရှင်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Daily Mail ရဲ့ သတင်းအရ အီဒူးနဲ့ အာဆင်နယ်ထိပ်ပိုင်း တာဝန်ရှိသူတွေကြားမှာ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပေမယ့်လည်း ဘရာဇီးလ် အားကစားဒါရိုက်တာကတော့ အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

အီဒူး ထွက်ခွာမယ့်နောက်ကွယ်က အကြောင်းအရင်းက ဘာလဲဆိုတာ မသိရသေးပေမယ့်လည်း အာဆင်နယ်ထိပ်ပိုင်းတာဝန်ရှိသူတွေထဲမှာ တာဝန်ယူမှုအပိုင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။