အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ဟာ ယနေ့ ဗုဒ္ဓဟူးနေ့ည အင်တာမီလန်နှင့် ရင်ဆိုင်ရမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

အသက် ၂၅ နှစ်ရှိ နော်ဝေအလယ်တန်းကစားသမားဟာ စက်တင်ဘာလနိုင်ငံတကာပွဲစဉ်များအတွင်း ခြေကျင်းဝတ် ဒဏ်ရာရရှိပြီးနောက် အနားယူလာခဲ့ရသူ ဖြစ်ပြီး အာဆင်နယ်ရဲ့ ပွဲ ၁၂ ပွဲအား လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အိုဒီဂတ်ဟာ အင်တာမီလန်နှင့်ပွဲမတိုင်မီ အာဆင်နယ်အသင်းဖော်များနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး မီလန်သို့ လိုက်ပါသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာက ပွဲပြီးခါနီးတဲ့အချိန်တွင်မှ အိုဒီဂတ်ကို သုံး/မသုံး ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

အာတီတာက “ထင်မှတ်ထားတာထက် နည်းနည်းစောပြီး သူ ပြန်လာနိုင်ခဲ့တယ်။ သူ ဒီမှာ ရှိနေဖို့က အရေးအကြီးဆုံးပါ”လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ အာတီတာက ယနေ့ည အင်တာမီလန်နှင့်ပွဲတွင် ဘူကာယိုဆာကာအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လာဖို့ ရှိနေကြောင်း အရိပ်အမြွက် ပြောကြားလာမှုနှင့်အတူ အိုဒီဂတ်မှာ အရန်လူစာရင်းမှာသာ ပါဝင်လာဖို့ ရှိပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၃ ပွဲတွင် ရမှတ် ၁ မှတ်တည်းသာ ရရှိထားပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၇ မှတ်ကွာဟကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်တွင် အာဆင်နယ်ဟာ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ရရှိထားပြီး ရမှတ် ၇ မှတ်ရရှိထားပါတယ်။ အင်တာမီလန်မှာလည်း ယွန်းဘွိုင်း၊ ရက်စတားဘဲလ်ဂရိတ်တို့ကို အနိုင်ရရှိကာ မန်စီးတီးနှင့် သရေကျထားပါတယ်။

အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခုက‌တော့ စနေနေ့တုန်းက နယူးကာဆယ်အား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်မှာ အင်တာမီလန်နှင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

သူဟာ ယခုအပတ်အကုန် ချဲလ်ဆီးနှင့် ရင်ဆိုင်ကစားရမဲ့ လန်ဒန်ဒါဘီပွဲမှာ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ သူဟာ ကြာသပတေးနေ့တွင် ဒဏ်ရာအခြေအနေကို စစ်ဆေးရပါဦးမယ်။