အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက သူတို့အသင်းအနေနဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့စဉ် ကစားသွားခဲ့တဲ့ ကစားဟန်မျိုးနဲ့သာဆိုရင် လာမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ချယ်ဆီးအသင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က စီးရီးအေကလပ် အင်တာမီလန်ကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ဂိုးမရခဲ့တာဖြစ်ပြီး ပင်နယ်တီ ဧရိယာထဲ ကွင်းလယ်လူ မယ်ရီနို လက်ထိသွားလို့ ခွင့်ပြုပေးခဲ့ရတဲ့ ပင်နယ်တီဂိုးကြောင့်သာ အဝေးကွင်းမှာ ရှုံးနိမ့်လိုက်ရတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရပေမယ့် အင်တာနဲ့ပွဲက ကစားဟန်ကတော့ အားရစရာ အခြေအနေမှာ ရှိလို့နေတာကြောင့် ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရှာနိုင်ဖို့ မျှော်လင့်ချက် ရှိနေတာလည်း ဖြစ်ပါတယ်။

နည်းပြ အာတီတာက “အင်တာမီလန်အသင်းကို ကစားခဲ့တဲ့ ပုံစံမျိုးနဲ့သာဆိုရင်တော့ ချယ်ဆီးကို အနိုင်ရအောင် ကစားနိုင်ပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်း ရင်ဆိုင်သွားရမယ့် ချယ်ဆီးအသင်းဟာလည်း ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးထားခဲ့တာဖြစ်ပြီး ဒီနေ့ညမှာ ကွန်းဖရန့်စ်လိဂ်ပွဲ ကစားဖို့ ရှိပေမယ့် လန်ဒန်ဒါဘီပွဲအတွက် အဓိက ကစားသမား အများအပြားကို အနားပေးသွားဖို့လည်း ရှိနိုင်ပါတယ်။

ဒီလန်ဒန်ဒါဘီပွဲက အိမ်ရှင်ချယ်ဆီးထက် အာဆင်နယ်အသင်းအတွက် ပိုမို အရေးပါနေတာဖြစ်ပြီး တကယ်လို့ ဒီပွဲမှာသာ ထပ်မံ ရလဒ်ဆိုးရွားမယ်ဆိုရင် အာဆင်နယ်နည်းပြ အာတီတာရဲ့ အနာဂတ် အခြေအနေပါ ပိုမို မှုန့်ဝါးသွားဖွယ်လည်း ရှိနိုင်ပါတယ်။ အခုလည်း အာဆင်နယ်ဟာ ဇယားထိပ်ဆုံးက လီဗာပူးလ်အသင်း (၇)မှတ်အထိတောင် ကွာဟလို့နေပါတယ်။