မန်ချက်စတာယူနိုက်တက်ရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ပေါ့ဘာက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ADIDAS ရဲ့ပရိုမိုးရှင်းပွဲ မှာ ၄င်းဟာ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေဖို့ အချိန်ကျပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ယူဘက်က ပေါ့ဘာကို လက်လွှတ်ဖို့ အစီအစဉ် မရှိသော်လည်း ကစားသမား ကိုယ်တိုင် အသင်းက ထွက်ခွာဖို့ စိုင်ပြင်းနေတာကြောင့် ၄င်း နေရာ အစားထိုးဖို့ ကစားသမားများ ဈေးကွက်ထဲမှာ စတင် ရှာဖွေလာပါတယ်။ ဒါ့အပြင် အသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားတဲ့ ဟာရဲရားလည်း ရှိထားတာကြောင့် ကွင်းလယ် အားဖြည့်ဖို့က လိုအပ်နေတာ အမှန်ပါ။

စပိန်ဘက်က သတင်းများအရ မန်ယူအသင်းဟာ ပေါ့ဘာ နေရာအတွက် ဘာစီလိုနာ ကစားသမား နှစ်ဦး ဖြစ်တဲ့ ရာကီတစ် နဲ့ ကော်တင်ညို တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအတွဲဟာ ပေါ့ဘာနေရာ အစားထိုးဖို့ အသင့်တော်ဆုံးလို့ မန်ယူက ယုံကြည်နေပြီး ၄င်းတို့ နှစ်ဦးလုံးကလည်း ဒီနွေမှာ နူးကမ့်က ထွက်ခွာဖွယ် ရှိနေကြသူများ ဖြစ်ပါတယ်။

ရာကီတစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြ ဗယ်ဗာဒီရဲ့အဓိက ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း ဒီနွေမှာ ဘာစီလိုနာက ကွင်းလယ်ကစားသမားသစ်တွေ ခေါ်ယူဖို့ရှိနေတာကြောင့် အသင်းကနေ ထွက်ခွာလိုနေတာပါ။

လီဗာပူး ကစားသမားဟောင်း ဘရာဇီးသား ကွင်းလယ်သမား ဖိလစ် ကော်တင်ညိုကလည်း နူးကမ့်မှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရပြီး ဘာစီလိုနာကကို ထုတ်ရောင်းဖို့ ပြင်ဆင်နေပါတယ်။ ကော်တင်ညိုကို ပြင်သစ်ထိပ်သီး ကလပ် ပီအက်စ်ဂျီကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့တွေ အားလုံးဟာ မန်ယူကွင်းလယ် ပေါ့ဘာရဲ့ အသင်း ပြောင်း မပြောင်း ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ဆဲ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မတည်ငြိမ်တဲ့ ခြေစွမ်းကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရပြီး လက်ရှိ အပြောင်းအရွှေ့ ကာလမှာ အသင်းဟောင်း ဂျူဗင်တပ် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ရေပန်းစားနေပါတယ်။