အာဆင်နယ် အသင်းက သူတွေ က ဂန်းနားတို့ ကစားပုံမကောင်းတာ ပြောရင် ဘာလို့ လက်မခံနိုင် အပြောမခံနိုင် ဖြစ်နေကြတာလဲ နားမလည်နိုင်ဘူး လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က အင်တာနဲ့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အင်တာမီလန် အသင်းဟာ Hakan Çalhanoğlu ရဲ့ တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့် အာဆင်နယ်ဟာ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်တာက ပွဲကို မနိုင်ခြင်းမှာ အဓိက ကျခဲ့ပါတယ်။

အဲဒီပွဲ အတွက် TNT Sports အစီအစဉ်ကနေ သုံးသပ်နေကြတဲ့ ဖာဒီနန်နဲ့ မာတီကီယွန်တို့ဟာ ဂန်းနားတွေ အပေါ် အမြင်ချင်း မတူကြပါဘူး။

အာဆင်နယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မာတင်ကီယွန်က ” လူတိုင်းက အာဆင်နယ်ကို ဆိုရင် ဖယ်ထုတ်ထားချင်နေကြတယ်။ ဒါပေမယ့် သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့က ဘာမှ မခက်ဘူးလို့ ထင်တယ်။ သူတို့ ကပ်ဘေး ဆိုက်နေတာလညး မရှိပါဘူး။ ” လို့ အရင် ဆိုခဲ့တာပါ။

ဖာဒီနန်က ” ကျွန်တော်တို့ ဘယ်သူမှ အာဆင်နယ်ကို တမင်ကြီး ဖယ်ထုတ်ချင် ဖဲ့ချင်နေကြတယ်လို့ မထင်ဘူးနော်။ ကျွန်တော်တို့က အချက်အလက်တွေကိုပဲ ပြောနေတာ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး ဖာဒီနန်က ” အာဆင်နယ်က လူတွေ ဘာလို့ ဆတ်ဆတ်ထိ မခံ ဖြစ်ကြတာလဲ။ ကျွန်တော်တော့ နားမလည်နိုင်အောင်ပဲ၊ ဘာလို့လဲဗျာ.. ? ဘယ်သူကမှ၊ ကျွန်တော်တို့က သူတို့ကို တမင်ကြီး ဖဲ့နေတာ နှိမ်နေတာ မရှိဘူးနော်။

သူတို့ သပ်သပ်ရပ်ရပ် လုပ်သွားဖို့ပဲ လိုတာ။ ထိရောက်ဖို့ လိုတာ။ ဒီလို အနေအထားမှာ ကစားသမားတွေက ရှေ့ထွက် တာဝန်ယူပြရတော့မှာ။

ဧရိယာထဲ နေရာကောင်းတွေထိ ရောက်ခဲ့ပေမယ့် အတိုးအလှုပ်တို့၊ ဝမ်းတူး ရိုက်တာ၊ တောင်ပံတွေကနေ တင်တာ မလုပ်ဘူး။ သူတို့က ဂိုးရလောက်အောင်ထိ မဖန်တီးနိုင်ခဲ့ဘူး ဖြစ်နေတယ်။ ” လို့ ဖာဒီနန်က ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။