မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ လန်ဒန်ဒါဘီဟာ ဖျော်ဖြေမှုအပြည့်နဲ့ ပြီးဆုံးသွားတယ်။

ပွဲပြီးခါနီး သေချာပေါက် ဂိုးဝင်ရမဲ့ အခွင့်အရေးက ထရော့ဆာ့ဒ်ကြောင့် လွဲချော်ခဲ့လို့ အာတီတာတစ်ယောက် မြေပေါ်လဲကျတဲ့အထိဖြစ်ခဲ့ပြီး တကယ်လည်း ဒီအနေအထားက ဂိုးရသင့်တဲ့ အကောင်းဆုံးအခွင့်အရေးပါပဲ။

အသင်းခေါင်းဆောင် အိုဒီဂတ် ပြန်ပါလာတဲ့ အာဆင်နယ်တိုက်စစ်က အရင်လို ပုံစံကောင်းပြသနိုင်ခဲ့ပြီး အဖွင့်ဂိုးကလည်း အိုဒီဂတ် ရဲ့ ဖန်တီးမှုကနေ ရရှိခဲ့တာပါ။

ပထမပိုင်းမိနစ် ၃၀ ကျော်မှာ ဒီကလန်ရိုက်စ်ရဲ့ပြစ်တင်ဘောကနေ ဟာဗတ်ဇ်က အသင်းဟောင်းဘက်ကို အဖွင့်ဂိုးသွင်းခဲ့ပမဲ့လည် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။

လန်ဒန်ဒါဘီပွဲဖြစ်လို့ နှစ်သင်းစလုံးက အင်တိုက်အားတိုက်ကစားကြတဲ့အတွက် ပွဲ Tempo မြင့်သလိုဖြစ်ခဲ့ပေမဲ့ အပိုင် အခွင့်အရေးဖန်တီးနိုင်မှု သိပ်မရှိဘဲ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးပေါက်တည့်မှု ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

အခုပွဲရဲ့ Man of The Match ဆုပိုင်ရှင် ကူကူရယ်လာဟာ ဆာကာကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး tackles win rate ၁၀၀ %၊ ဘောလုံးကြားဝင်လုယူနိုင်မှု ၃ ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ်မှာ ကိုင်စီဒို ခြေစွမ်းပြနိုင်ပေမဲ့ တိုက်စစ်လိုက်ကစားတဲ့ လာဗီယာ အလုပ်မဖြစ်သလို ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိသေးတဲ့ ပါလ်မာကလည်း ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယ ပိုင်းမိနစ် ၆၀ မှာ အိုဒီဂတ် ကန်တင်ပေးတာကနေ မာတင်နယ်လီက ဘောလုံးတစ်ချက်ထိန်းပြီးတော့ ရော်ဘတ်ဆန်းချက်ဇ် ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို အပိုင်ကန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ၁၀ မိနစ်အကြာမှာပဲ နက်တိုက ပယ်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့ပြီး နက်တို ဂိုးသွင်းဖို့ပြင်နေချိန်မှာ လူကပ်မထားဘဲ လွတ်ပေးထားတဲ့ အာဆင်နယ်ခံစစ်က ဝေဖန်ချင်စရာပါပဲ။

အာဆင်နယ်တို့ ဂိုးရဖို့ အခွင့်အရေးကောင်းတွေရခဲ့ပြီး ရော်ဘတ်ဆန်းချက်ဇ်နဲ့ထိပြီးတော့ ပြန်ထွက်လာတဲ့ဘောလုံးကို ထရော့ဆာ့ဒ် အနီးကပ်ပိတ်သွင်းချက်က ဂိုးပေါ်ထောင်ခဲ့သလို ပွဲပြီးခါနီး ထရော့ဆာ့ဒ်ကြောင့်ပဲ ဂိုးရမဲ့အခွင့်အရေး ဆုံးရှုံးခဲ့ပြန်ပါတယ်။

အခုပွဲ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ၂၀၂၃ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အခုဆိုရင် ထိပ်ဆုံး လီဗာပူးလ်နဲ့ ၉ မှတ်အထိ ကွာဟသွားပါပြီ။