အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် လူစားလဲလှယ်ခဲ့ရတဲ့ အင်္ဂလန်စတားများ ဖြစ်ကြတဲ့ ဒီကလန်ရိုက်စ်နှင့် ဘူကာယိုဆာကာတို့ရဲ့ ဒဏ်ရာအခြေအနေမှာ မကောင်းကြောင်း ပြောကြားလာပါတယ်။
ရိုက်စ်ဟာ ခြေချောင်းရိုးကျိုးဒဏ်ရာဖြင့် ကစားနေတာ ဖြစ်ပြီး ၇၁ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပါတယ်။ ဆာကာမှာလည်း ၁၀ မိနစ်အကြာတွင် ကွင်းအတွင်းတွင် ဆေးကုသမှုခံယူပြီးနောက် လူစားလဲလှယ်ခဲ့ရပါတယ်။
အာတီတာက “ကြည့်ရတာ သိပ်မကောင်းဘူး။ ကစားသမား ၂ ဦးလုံးက ဆက်မကစားနိုင်တော့ဘူးလို့ ပြောလာကြတယ်။ ဒါက သတင်းကောင်းမဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာများနှင့် ကြုံနေရပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့နိုင်ငံတကာပွဲစဉ်များတွင် ဒဏ်ရာ ရရှိပြီးနောက် အာဆင်နယ်ရဲ့ ပွဲ ၂ ပွဲကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
ဆာကာနှင့် ရိုက်စ်တို့ဟာ အင်္ဂလန်ယာယီနည်းပြလီကာစလေရဲ့ ယခုအပတ် နိုင်ငံတကာပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်းတွင် ရွေးချယ်ခံထားရပါတယ်။
အင်္ဂလန်ဟာ ကြာသပတေးနေ့မှာ ဂရိနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အိုင်ယာလန်နှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။
ဆက်လက်ပြီး အာတီတာက ရိုက်စ်နှင့်ဆာကာတို့မှာ အင်္ဂလန်အသင်းနှင့် ပူးပေါင်းရန် မသေချာကြောင်း ဆိုသွားပါတယ်။
အာတီတာ က “လူစားလဲလှယ်ပေးပါ ပြောလာကြတော့ သူတို့ကို ကြံ့ခိုင်မှုပြည့်ဝလာမယ်လို့ မထင်ဘူး။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အားလုံးကြံ့ခိုင်မှုပြည့်နေဖို့ ဆုတောင်းနေပါတယ်။ ကျွန်တော်တို့ဟာ အိပ်မက်ဆိုး ရက်သတ္တပတ် ၈ ပတ် ကြုံခဲ့ရပြီးပါပြီ”လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ချဲလ်ဆီးနှင့် သရေကျပြီးနောက် ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၉ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ၎င်းတို့ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရထားပါတယ်။