အာဆင်နယ် အသင်း နည်းပြ အာတီတာဟာ ချယ်ဆီးနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းနိုင်ပြီးမှ ခြေချော်ခဲ့တဲ့အတွက် သူ့ကစားသမားတွေကို ဒေါသပေါက်ကွဲပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲမရခဲ့တာက ဆိုးရွားလွန်းတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမိနစ် ၆၀ မှာ မာတင်နယ်လီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ၁၀ မိနစ်အကြာမှာပဲ ချယ်ဆီးတောင်ပံတိုက်စစ်ကစားသမား ပတ်ဒရိုနက်တိုက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ အာဆင်နယ်တို့ အနိုင်ဂိုးရမဲ့အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ပြီး ဆာလီဘာ ချိုးပေးတဲ့ဘောလုံးကို ထရော့ဆာ့ဒ် ပိတ်သွင်းပေမဲ့ ထိချက် မမှန်တာကြောင့် ချော်ထွက်ခဲ့ပြီး တကယ်လို့ ထရော့ဆာ့ဒ်သာ လွှတ်ပေးလိုက်ရင် ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ ဟာဗတ်ဇ်က သေချာပေါက်ဂိုးသွင်းနိုင်မှာဖြစ်ပါတယ်။
အဲဒီအပိုင်အခွင့်အရေး လွဲချော်ခဲ့လို့ အာတီတာတစ်ယောက် ဟန်တောင်မဆောင်နိုင်ဘဲ မြေကြီးပေါ်လဲကျတဲ့အထိဖြစ်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ လီဗာပူးလ်နဲ့ပွဲတုန်းကလည်း ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်သွင်းခဲ့ပြီးမှ ချေပဂိုးတွေပြန်ပေးခဲ့ရတာကြောင့် ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အဲဒါကြောင့် ချယ်ဆီးနဲ့ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ အာတီတာက “ကျွန်တော်တို့ဟာ ချယ်ဆီးအသင်းကို လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ နေရာစုံမှာ ကျွန်တော်တို့အသင်း ပိုသာခဲ့ပြီး ဦးဆောင်ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်. ”
“ဒါပေမဲ့ ချေပဂိုး ပြန်ပေးလိုက်ရတဲ့ အနေအထားကိုတော့ တော်တော်လေးစိတ်ပျက်မိပြီး တကယ့်ကို ညံ့ဖျင်းလွန်းပါတယ်။ အဲဒါက ကျွန်တော်တို့အသင်း အဆင့်အတန်းမျိုး မဟုတ်ဘဲ အဲဒီလိုပုံစံမျိုး ကျွန်တော် လက်မခံနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အခုပွဲသရေကျခဲ့တာကြောင့် ၂၀၂၃ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အခုဆိုရင် ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၉ မှတ်အထိ ကွာဟသွားပြီဖြစ်ပါတယ်။