မက်စ် ဒေါင်းမန်းဟာ မီခေး အာတီတာရဲ့ ပထမအသင်း လူစာရင်းထဲကို ထိုးဖောက်ဝင်ရောက်လာမယ့် နောက်ထပ် အာဆင်နယ် အကယ်ဒမီကြယ်ပွင့် ဖြစ်လာလိမ့်မယ်လို့ သရီနီဟောင်းကြီး ရီယို ဖာဒီနန်က ဟောကိန်းထုတ်ခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အကယ်ဒမီရဲ့ အတောက်ပဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲမတိုင်ခင်မှာ ပထမအသင်းနဲ့တောင် လေ့ကျင့်ရေးဆင်းခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလမှာ ဒေါင်းမန်းက ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ ဂိုးသွင်းယူဖူးတဲ့ အသက်အငယ်ဆုံးသော ကစားသမားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အီသန် နွာနယ်ရီဟာ အာဆင်နယ်အကယ်ဒမီကနေ ပထမအသင်းထဲမှာ ပါဝင်ခွင့်ရပြီးကတည်းက ပထမအသင်းပွဲကစားချိန် ပိုမို ရရှိလာခဲ့ပြီး အထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့သလို ဒေါင်းမန်းကလည်း တူညီတဲ့အကျိုးသက်ရောက်မှု ပြသမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ဖာဒီနန်က ယုံကြည်နေတာဖြစ်ပါတယ်။

” ဒါက ဒီလို ငယ်ရွယ်သေးတဲ့ကစားသမားတွေအပေါ်မှာ ဖိအားထပ်ပေးတာမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီလို မလုပ်ချင်လို့ပါ။

ဒါပေမယ့် ကျွန်တော် နွာနယ်ရီကို နည်းနည်းပိုပြီး အခွင့်အရေး မပေးခဲ့တဲ့ အာတီတာကို နည်းနည်းစိတ်ပျက်ခဲ့မိပါတယ်။ သူ ဟိုနေ့က အင်တာနဲ့ပွဲမှာ ဝင်လာတာကို မြင်ခဲ့တယ်။ အန္တရာယ်ရှိတာတွေကို လုပ်ဖို့ ကြိုးစားရုံတင်မဟုတ်ဘဲ ဘောလုံးကို ရယူတယ်။ ဘောလုံးကို ထိန်းသိမ်းတယ်။ ဘောလုံးကို ရှာတယ်။ အရွယ်ရောက်ပြီးသားကစားသမားလိုမျိုး ကစားခဲ့တယ်။ သူက အော်ဒီဂွါဒ်နေရာမှာ ကစားခဲ့တာပါ။

သူတို့တွေ သူ့အောက်မှာ နောက်ထပ်ကစားသမားတစ်ယောက်ရထားသေးတယ်။ အဲဒီကလေးက မက်စ် ဒေါင်းမန်းလို့ ခေါ်တယ်။ ကျေးဇူးပြုပြီး လိုင်းပေါ်တက်ပြီး အဲဒီကလေးအကြောင်း ကြည့်လိုက်ပါ။

သူက ၁၄ နှစ်ပဲရှိသေးတယ်။ သူက အသက် ၁၈၊ ၁၉ နှစ်ကစားသမားတွေနဲ့ ကွင်းထဲမှာ ကစားနေတဲ့အချိန်မှာ သူက အားလုံးကို နည်းပြန်ပြနေတာ ကျွန်တော် မြင်ခဲ့တယ်။ သူက အော်ဒီဂွါဒ်နေရာမှာလည်း နည်းနည်း ကစားခဲ့တယ်။ တော်တော်ဆိုးတဲ့ကောင်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။