ပရီးမီးယားလိဂ်မှာ အကောင်းဆုံးသော အင်္ဂလိပ် ကစားသမားအဖြစ် အာဆင်နယ်ကွင်းလယ်ကစားသမား ဒီကလန် ရိုက် က သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အတွက် လိဂ်ပွဲစဉ်တိုင်း ပွဲထွက်ပါဝင် ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိ ပါဝင် ပတ်သက်နိုင်ခဲ့ပြီးနောက် ကွင်းလယ်ရဲ့အဓိက ထောက်တိုင် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အင်တာမီလန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒီကလန် ရိုက် မပါဝင်နိုင်မှုကြောင့် အာဆင်နယ်ရဲ့ ကွင်းလယ်က လွှမ်းမိုးနိုင်စွမ်းပျောက်ဆုံးနေခဲ့ပြီး ချဲလ်ဆီးနဲ့ တစ်ဖက် ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ၇၁ မိနစ်အထိ ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ပရိသတ်တွေအနေနဲ့ ခြေညှိုးကျိုး ဒဏ်ရာကို ဆက်လက် ကုသမှု ခံယူရဦးမယ့် ဒီကလန် ရိုက်ရဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့် ဒီနိုင်ငံတကာပွဲကာလအတွင်း အင်္ဂလန်အတွက် မပါဝင်နိုင်တော့ပါဘူး။

အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး တက်ဒီ ရှယ်ရင်ဂမ်က ဒီကလန် ရိုက် မပါဝင်မှုက လီးကာစလေရဲ့အသင်းမှာ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ဖြစ်နေလိမ့်မယ်လို့ ယုံကြည်နေပြီး အာဆင်နယ်ကြယ်ပွင့်ရဲ့ အရည်အချင်းတွေကို ချီးကျူးခဲ့ပါတယ်။

“ဒီကလန် ရိုက်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအင်္ဂလိပ်ကစားသမားပဲ။ သူက သူပါဝင်ကစားပေးတဲ့အသင်းကို ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးတယ်။ သူ အင်္ဂလန်အတွက်ပဲ ကစားကစား၊ အာဆင်နယ်အတွက်ပဲ ကစားကစားပါ။ သူ့နာမည် အသင်းပွဲထွက်လူစာရင်းထဲမြင်တဲ့အချိန်မှာ သူက ကြီးမားတဲ့အပေါင်းလက္ခဏာပဲ။

သူက အားလုံးကို စံနမူနာပြပြီး ဦးဆောင်တယ်။ သူနဲ့အတူ ဆွဲခေါ်တယ်။ ဒါက ငါတို့တွေ ဒီနေ့လုပ်ရမယ့်အရာလို့ အလုပ်နဲ့ ပြသတယ်။ သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အရည်အချင်းတွေကို ကျွန်တော် နှစ်သက်မိပါတယ်။ ထိပ်တန်းကစားသမားတွေ လုပ်နိုင်တဲ့ဟာက ဒါပဲလေ။

သူတို့တွေက ကျန်တဲ့ကစားသမားတွေအားလုံး နမူနာလိုက်ယူနိုင်အောင် စံနမူနာသတ်မှတ်ပေးတယ်။ သူတို့နဲ့အတူ လိုက်ပါနိုင်အောင် တွဲခေါ်ပေးတယ်။ တစ်သင်းလုံး တိုးတက်လာအောင် တခြားကစားသမားတွေအပေါ်မှာ အကျိုးသက်ရောက်မှုကို ပြသတယ်။

သူက အာဆင်နယ်အတွက် ထူးခြားဆန်းကြယ်တဲ့ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ သူက ဘာကြောင့် အာဆင်နယ်အခုနေရာမှာ ရှိနေပြီး ဇယားထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နိုင်နေလဲဆိုတာရဲ့ ကြီးမားတဲ့ အကြောင်းပြချက်ပါ”လို့ ပြောဆိုခဲ့ပါတယ်။