လက်ရှိမှာ တရားဝင်ဖွင့်နေတဲ့ ရွှေဆိုင်တွေဟာ ဒီသုံးလကာလအတွင်း ဆိုင်ဆက်ဖွင့်မယ်ဆိုရင် လိုင်စင်ကို အပြီးလျှောက်ရမှာဖြစ်ကာ မလျှောက်ခဲ့ရင် အရေးယူခံရမယ်လို့ ရန်ကုန်တိုင်း ရွှေအသင်းတာဝန်ရှိသူ တစ်ဦးက ပြောလာပါတယ်။

ဒီနှစ်တွေအတွင်း တရားဝင်စျေးကွက် ပျောက်ပြီး ရွှေအသင်းစျေးနဲ့ ပြင်ပစျေးတန်းဆိုပြီး ဖြစ်လာချိန် ရွှေဆိုင်တွေဟာ ဝယ်သူတွေအပေါ် လူလည်ကျကာ ရောင်းစျေး ဝယ်စျေး ခွာလွန်းမှုကနေ ရွှေဝယ်တာကို စိတ်ဝင်စားမှုနည်းလာကြပြီး ရွှေစျေးကွက် အကြီးအကျယ် ကျဆင်းလာနေပါတယ်။

ဒီလို အခြေအနေမှာပဲ စည်းကမ်းမဲ့သတင်းတွေ များစွာ ထွက်နေတဲ့ ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ့် ကိစ္စဖြစ်လာခဲ့တာပါ။

စီမံချက်ကာလ သုံးလနောက်ပိုင်းမှာ လိုင်စင်တွေမရှိဘဲ ရွှေအရောင်းအဝယ် ပြုလုပ်နေသူတွေကိုတွေ့ရှိပါက ထောင်ဒဏ် ၆လမှ ၃နှစ် နဲ့ ငွေကျပ်၅သိန်းထက်မပိုတဲ့ငွေဒဏ်တွေ နဲ့ အရေးယူမှာဖြစ်ကြောင်း သိရပါတယ်။