ထိုင်းမှာတော့ တရုတ်ပြီးရင် မြန်မာဟာ အိမ်ခြံမြေ ဒုတိယအများဆုံး ဝယ်ယူတဲ့နိုင်ငံဖြစ်လာပါတယ်။ ဒီနှစ်ပထမ ၉လ အတွင်း အခန်း ၁၀၀၀ ကျော်ကို ဘတ် ၅.၄၆ ဘီလီယံ (စင်ကာပူဒေါ်လာ ၂၁၁ သန်း) ဖိုး မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့ပါတယ်။

ပြည်တွင်းရေး အခြေအနေမကောင်းမှု နောက်ပိုင်း ငွေကြေးတတ်နိုင်တဲ့ မြန်မာတွေဟာ ထိုင်းဖက်ပြောင်းကာ နေအခြေချလာနေပါတယ်။ မြန်မာကျပ်ငွေ မဟားတရား တန်ဖိုးကျနေတာကြောင့်လည်း တချို့က စျေးကောင်းရချိန် ပြည်တွင်းက နေအိမ် တိုက်ခန်းတွေကို ရောင်းပြီး ထိုင်းမှာကွန်ဒိုဝယ်ယူသူက ပိုများပြားလာစေပါတယ်။

သူတို့တိုင်းပြည်မှာ စီးပွါးရေးကျနေလို့ တရုတ်နဲ့ ရုရှားတွေဟာ ထိုင်မှာအိမ်ခြံမြေဝယ်သူ လျော့နည်းလာချိန်ဝယ် မြန်မာတွေက ခုလိုတိုးဝယ်နေလို့ ထိုင်းအိမ်ခြံမြေစျေးကွက်ဟာ စည်ကားလာပါတယ်။

ပြည်တွင်း အိမ်ခြံမြေစျေးကွက်ဟာ လုံးဝ နီးပါး ငြိမ်သက်နေပေမယ့် ထိုင်းမှာတော့ မြန်မာဝယ်လက်တွေနဲ့အတူ ကျိတ်ကျိတ်တိုးနေဆဲပဲဖြစ်ပါတယ်။