မန်ယူဟာ အင်တာမီလန်အသင်းရဲ့ လူကာကူ အတွက် ငွေသားအပြင် တောင်ပံသမား ပါရီဆစ်ကိုပါ အလိုက်ပေးတဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူက ဒီအပြောင်းအရွှေ့မှာတင် အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပြီး ၄င်းကို ခေါ်ယူဖို့ အင်တာမီလန်က ကြိုးစားနေပါတယ်။ အီတလီသတင်းတွေအရ မန်ယူဘက်ကတော့ လူကာကူအတွက် ငွေသားနဲ့ ခံစစ်သမား မီလန် စက္ကရီနဲကို အလိုရှိပြီး အင်တာမီလန်ဘက်ကတော့ အဆိုပါ တောင်းဆိုမှုကို သဘောမတူဘူးလို့ ဆိုပါတယ်။

ဘယ်ဂျီယံအသင်းနဲ့ ပူးပေါင်းနေတဲ့ လူကာကူကတော့ ” ကွန်တီက အင်တာမီလန်ကို သွားခဲ့တယ်။ ကျနော့်အတွက် သူက ကမ္ဘာ့အကောင်းဆုံး နည်းပြပါ။ ကျနော်က စီးရီးအေ ပရိသတ်ပါ။ အင်္ဂလိပ်လိဂ်နဲ့ အီတလီမှာ ကစားခွင့်ရဖို့ ကျနော် အမြဲ အလိုရှိခဲ့တယ်။

အီတလီကို ကျနော် ချစ်ပါတယ်။ ပြီးတော့ ခရစ္စတီယာနို ရော်နယ်ဒို ရှိတယ်။ ဆာရီကလဲ ဂျူဗင်တပ်ကို သွားတော့မယ်။ အန်ဆယ်လော့တီကလဲ နာပိုလီမှာပါ။ စီးရီးအေက စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။

ကျနော့် ကလပ်နဲ့ အေးဂျင့်က အပြောင်းအရွှေ့ ကိစ္စ အတွက် စကားပြောမှာ ဖြစ်ပေမယ့် ကျနော်က ဆုံးဖြတ်ချက် ချခဲ့ပြီးပါပြီ။ ဒီနွေရာသီက အတော် အလုပ်ရှုပ်လိမ့်မယ် ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် လူကာကူကို မန်ယူကနေ ထွက်ခွာဖို့ တွန်းအားပေးလာသူကတော့ ဘယ်ဂျီယံ လက်ရွေးစင်အသင်း မန်နေဂျာဖြစ်သူ မာတီနက်စ်ပဲ ဖြစ်ပါတယ်။ လက်ရွေးစင်မှာ ခြေစွမ်းပြပေမယ့် ကလပ်အသင်းမှာ နေရာမရတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ မာတီနက်စ်က ဆန္ဒရှိနေပါတယ်။

“ ဒီအချိန်က ကလပ်အသင်းရော ကစားသမားအတွက်ပါ အကောင်းဆုံး အချိန်ပါပဲ။ လူကာကူအနေနဲ့ မန်ယူကနေ ထွက်ခွာဖို့ အချိန်ကို ရောက်နေပါပြီ။ ဒါက မန်ယူအသင်းအတွက်ကော လူကာကူကို ခေါ်ယူမယ့် အသင်းအတွက်ပါ အကျိုးရှိတဲ့ အပြောင်းအရွှေ့ ဖြစ်စေပါမယ် ” လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။