အာဂျင်တီးနား ဂန္တဝင်ကြီးနဲ့ လက်ရွေးစင်မန်နေဂျာဟောင်း မာရာဒိုနာက နိုင်ငံအသင်းရဲ့ စွမ်းဆောင်ရည်ကို အတော်လေး စိတ်ပျက်နေပြီး ကမ္ဘာအဆင့် ဘိတ်ဆုံးက အသင်းကတောင် အနိုင်ယူသွားလိမ့်မယ်လို့ ဝေဖန်မှု လုပ်ခဲ့ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲ အာဂျင်တီးနားအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်က အခြေမလှခဲ့ပဲ ကိုလံဘီယာကို ၂-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေကို အသုံးချနိုင်တဲ့ ကိုလံဘီယာက ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူပြီး ရလဒ်ကို သေချာစေခဲ့တာပါ။

ဒီရှူံးပွဲကြောင့် အာဂျင်တီးနားဟာ ဝေဖန်မှုတွေနဲ့ ဖိအားတွေအောက်ကို ရောက်လာခဲ့ပါတယ်။ မကြာသေးခင်တုန်းကလည်း မက်ဆီပါဝင်တဲ့ အာဂျင်တီးနားဟာ ကိုပါအမေရိကပြိုင်ပွဲကို နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း နှစ်ကြိမ်လုံး ဒုတိယနေရာကနေပဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

မာရာဒိုနာက ” ကမ္ဘာအဆင့် ဘိတ်ဆုံးအသင်းကတောင် ကျနော်တို့အသင်းကို အနိုင်ယူနိုင်တယ်။ တိုက်ပွဲဝင်လိုစိတ်ဆိုတာက အာဂျင်တီးနားရဲ့ ဂုဏ်တစ်ခုပါ။ ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်ဆိုတာ အဓိပ္ပာယ် အများကြီးရှိတယ်။ ဒါကို နားလည်သင့်တယ် ” လို့ ဝေဖန်လိုက်တာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မက်ဆီကတော့ လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရဖို့နဲ့ ဒီအချိန်က တစ်ဦးနဲ့တစ်ဦး အပြစ်တင်ရမယ့် အချိန် မဟုတ်ပဲ ယှဉ်ပြိုင်ရမယ့် ပွဲတွေ အများကြီး ကျန်နေပါသေးတာကြောင့် လာမယ့် ပွဲတွေအတွက် ခေါင်းမော့ပြီး ရှေ့ဆက်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းထားပါတယ်။