အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုတယ်ဆိုရင် ၁ နေရာကို အားဖြည့်ဖို့ လိုအပ်မယ်လို့ ခံစစ်မှူးဟောင်း ဂါးလက်စ်က ထုတ်ပြောလာပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ လိုအပ်တဲ့ အားဖြည့်မှုတွေ လုပ်နိုင်ခဲ့ခြင်း မရှိဘဲ အဓိက အကျဆုံး နေရာကတော့ တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။

ဂါးလက်စ်ကတော့ ‘ ဟာဗက်ဇ်က အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား အောင်မြင်စေမယ့် မှန်ကန်တဲ့ ကစားသမားတစ်ဦး မဟုတ်ပါဘူး။

သူက ကစားသမားကောင်းပါ။ ဒါပေမယ့် ထိပ်တန်းအဆင့် ကစားသမား မဟုတ်ပါဘူး။ ဒီလိုပြောရလို့ စိတ်မကောင်းပါဘူး။ ဟာဗက်ဇ်က ကမ္ဘာ့အဆင့်လယ်ဗယ်နဲ့ နည်းနည်းတောင် မနီးစပ်ဘူး။ သူနေရာမှာ အာဆင်နယ်တို့ အစားထိုးမှုလုပ်နိုင်ဖို့ လိုအပ်နေပါတယ်။

ဂါလာတာစရေးကို အိုဆင်မန်ရောက်သွားတာ အခုထိ နားမလည်နိုင်ဘူး။ သူက ပရီးမီးယားလိဂ်မှာ ကစားနိုင်သလို အာဆင်နယ်နဲ့အတူ ထိပ်ဆုံးအဆင့်တွေမှာ ကစားနိုင်မယ့်သူပါ။

တခါတလေ ဘောလုံးမှာ ဘာတွေဖြစ်နေလဲ နားလည်ဖို့ ခက်ခဲပါတယ်။ အာဆင်နယ်က အိုဆင်မန်လို ကစားသမား လိုနေတာပါ။ အာဆင်နယ်က တိုက်စစ်မှူးတစ်ဦး လိုနေတာ သိပ်ကိုသိသာတယ်။ ’ လို့ ဆိုသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ လိဂ်ဦးဆောင်သူ လီဗာပူးနောက် ၉ မှတ်ထိ ပြတ်ကျန်နေခဲ့ကာ လာမယ့်ပွဲတွေမှာ ကိုယ့်အသင်း နိုင်ဖို့အပြင် ပြိုင်ဘက်အသင်း ရှုံးဖို့ပါ မျှော်လင့်နေရတာ ဖြစ်ပါတယ်။