တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေက လွှတ်တော်ကိုထိန်းချုပ်ထားပြီး၊ နိုင်ငံတော်ကိုဆန့်ကျင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အတွက် ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာဘဲ တိုင်းပြည်ကိုအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

သမ္မတ Yoon Suk Yeol က တိုင်းပြည်ကိုရုပ်မြင်သံကြားကနေမိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားလိုလားတဲ့ အင်အား စုတွေကိုရှင်းလင်းဖယ်ရှားဖို့နဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပြဌာန်းထားတဲ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေစပြီး လူထုထောက်ခံမှုကျဆင်းလာတဲ့ သမ္မတ Yoon Suk Yeol ဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ သူ ၂၀၂၂ ခုနှစ် အာဏာရလာကတည်းက သူ့ရဲ့အစီစဉ်တွေ တင်သွင်းမှုအောင်မြင်ဖို့ အခက်အခဲ တွေနဲ့ရင်ဆိုင် နေရတာပါ။

သမ္မတ Yoon Suk Yeol ဦးဆောင်တဲ့ ရှေးရိုးစွဲ People Power Party က လွှတ်တော်မှာတင်သွင်းတဲ့ နောက်နှစ် အစိုးရအသုံးစရိတ်တင်သွင်းတောင်းခံမှုဟာ အတိုက်အခံ လွတ်လပ်တဲ့အယူအဆရှိတဲ့ ဒီမိုကရက်ပါတီကို မကျော်လွန်နိုင်ဘဲ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဇနီးသည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်တဲ့ အဂတိလိုက်စားမှုပတ်သက်ပြီး စွပ်စွဲခံရတဲ့ကိစ္စကိုလွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ဖို့ကိုလည်း သူက ပယ်ချထားပါတယ်။

သမ္မတ Yoon Suk Yeol က အခုလို အရေးပေါ်အခြေအနေကြေညာပြီးနောက် အတိုက်အခံ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စား လှယ်တွေက အရေးပေါ် အစည်းအဝေးခေါ်ယူထားပါတယ်။

လက်ရှိမှာ ကိုရီးယားလွှတ်တော်ထဲ အမတ်တွေနဲ့ ပြည်သူတွေ ဝင်ရောက်ရန် ကြိုးစားနေကြပါတယ်။ စစ်တပ် နဲ့ ရဲက ပိတ်ဆို့ထားပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားရဲ့ ငွေဈေးနဲ့ ရှယ်ယာတွေ ထိုးကျသွားပါတယ်။ တောင်ကိုရီးယားပြည်သူတွေက ဒီမာရှယ်လောကို လက်ခံဖွယ် မရှိပါဘူး။ သမ္မတက သူ့ကို လွှတ်တော်က ဖြုတ်ချတော့မှာမို့ အရေးပေါ် အခြေအနေကြေညာခဲ့တာပဲ ဖြစ်ပါတယ်။