အာဆင်နယ် တည်ကန်ဘောတွေကနေ သွင်းဂိုးရရှိတိုင်း ရုပ်သံမီဒီယာတွေဟာ မီခေးအာတီတာနဲ့အတူ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံနေတဲ့ နည်းပြအဖွဲ့အဝင်တစ်ဦးပုံရိပ်ကို အမိအရရိုက်ကူး ဖမ်းယူလေ့ ရှိပါတယ်။
ထိုသူကတော့ နီကိုးလပ်စ်ဂျိုဗာပါ။
သူ့ကို ၂၀၂၁ ဇူလိုင်လမှာ တည်ကန်ဘောနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ရာ အချိန်ကြာလာတာနဲ့အမျှ မြောက် လန်ဒန် အနီရောင်တွေ လက်ငင်းအကျိုး ခံစားနေရပါပြီ။ ညက မန်ချက်စတာယူနိုက်တက်ကို ၂-ဝနဲ့နိုင်တဲ့ပွဲကိုပဲ ကြည့်ပါ။
အာဆင်နယ်ရရှိသွားတဲ့ အနိုင်ဂိုး(၂)ဂိုးစလုံးကို ဂျာရီယန်တင်းဘား၊ ဝီလီယမ်ဆာလီဘာတို့က ထောင့်ကန်ဘောကနေ သွင်းယူသွားတာပါ။ ဒီလိုမျိုး အရေးကြီးတဲ့ပွဲစဉ်တွေမှာ open play ကနေ ဂိုးမရရင် set-piece တွေက လက်နက်ပုန်းမို့ ဂန်းနားတွေဟာ အမိအရ အသုံးချနိုင်ခဲ့တာပါပဲ။
ပြီးခဲ့တဲ့စက်တင်ဘာလ စပါးစ်ကို ဝ-၁နဲ့နိုင်တဲ့ ပွဲစဉ်တုန်းကလည်း ဂါဘရီယယ် တည်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူသွားတုန်းက အာတီတာကိုယ်တိုင် သူ့ရဲ့ set-piece coach ကို ချီးကျူးဖူးပါတယ်။
သူတို့ကို ပိုမိုချိုမြိန်စေတာက ယူနိုက်တက်ကို တည်ကန်ဘောတွေနဲ့ နိုင်သွားတဲ့အချိန် ပြိုင်ဘက် လီဗာပူးလ်က နယူးကာဆယ်နဲ့ သရေကျသွားတာကြောင့် ရမှတ်ကွာဟချက် လျှော့ချနိုင်ခဲ့တာပါပဲ။
မနှစ်ရာသီကနေ စတင်ရေတွက်ကြည့်ရင် အာဆင်နယ်ဟာ set-piece တွေကနေ (၂၂)ဂိုးအထိ သွင်းယူပြီးသွားပြီလို့သိရတယ်။ ဒီအချက်ဟာ နီကိုးလပ်စ်ဂျိုဗာကို ခန့်အပ်မှုက ဘယ်လောက်အထိအသုံးဝင်လဲဆိုတာကို သက်သေပြနေတဲ့ကိစ္စပဲ။
အတိတ်မှာတုန်းကလည်း ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်က နည်းပြအဖွဲ့ဝင်ထဲ အန်သိုနီဘယ်ရီကိုခေါ်ယူပြီးနောက် ကနဦးမှာ တည်ကန်ဘောတွေကနေ သွင်းဂိုးများစွာသွင်းယူခဲ့တဲ့ သာဓက ရှိခဲ့ဖူးသလို လီဗာပူးလ်ဆိုရင်လည်း ဂျာဂျင်ကလော့ပ်လက်ထက်မှာ သောမတ်စ်ဂရွန်နီမာ့ခ်ကို လက်ပစ်ဘောနည်းပြအဖြစ် သီးသန့်တာဝန်ပေးအပ်ခဲ့ဖူးတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ရဲ့အောင်မြင်မှုဟာ သိသာထင်ရှားရေပန်းစားလာရာ တခြားအသင်းတွေလည်း set-piece coach များရှာဖွေခန့်အပ်ပြီး လိုက်လံနမူနာယူဖို့ပြင်ဆင်နေကြောင်း သတင်းတွေအရ သိရပါတယ်။