မန်ချက်စတာယူနိုက်တက် ကွင်းလယ်တိုက်စစ် သမား မာတာ ဟာ လက်ရှိနွေမှာတင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ အသင်းကနေ ထွက်ခွာမယ် ယူဆထားခဲ့ကြတာပါ။ ဒါပေမယ့် မာတာ အသင်းမှာ ဆက်ရှိမယ်လို့ မန်ယူနည်းပြ ဆိုးရှားက ပြောကြားလိုက်ပြီး စပိန်သားကို လာမယ့်ရာသီ အိုးထရက်ဖို့ဒ်မှာ ဆက်လက် မြင်တွေ့ရဦးမှာပါ။

မာတာဟာ မန်ယူအသင်းထံ ၂၀၁၄ က ချယ်ဆီးအသင်းထံမှနေ ယူရို ၃၇ သန်း ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး တစ်ပတ် လုပ်ခ ပေါင် ၁သိန်း ၄သောင်း ရရှိနေတာပါ။ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး မန်ယူနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဖို့ ကြံ့ကြာနေတဲ့ မာတာကို နယူးကာဆယ်၊ ဂါလာတာစာရေးနဲ့ ဖီနာဘာချီ အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးရ သတင်းများ အရတော့ မန်ယူအသင်းဟာ ၄င်းတို့ရဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားတော့မှာ ဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ် ဆက်ထိန်းထားတော့မှာပါ။

မန်ယူရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကလည်း အသင်းပြောင်းဖို့ သတင်းတွေထွက်နေပြီး အခြေအနေ မတည်ငြိမ်တာကြောင့် ဆိုးရှားက ၀ါရင့် ကွင်းလယ်ကစားသမား မာတာကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိစေဖို့ စီစဉ်လာခဲ့တာပါ။ ပေါ့ဘာက စိန်ခေါ်မှုအသစ်တွေ ရှာဖွေချိန် တန်ပြီ ယူဆကြောင်း ကိုယ်တိုင် ထုတ်ဖော် ပြောကြားထားပါတယ်။

မာတာနဲ့ မန်ယူရဲ့ စာချုပ်သစ်ကိုတော့ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ချုပ်ဆိုသွားဖို့ ရှိနေပြီး ဆိုးရှား နောက်ရာသီ အသင်း အစီအစဉ်သစ်မှာ မြင်တွေ့သွားရဖို့ ရှိနေပါတယ်။

မာတာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပွဲထွက်ခွင့် များများစားစား မရခဲ့ပေမယ့် လာမယ့် ဘောလုံးရာသီမှာ ၄င်းကို အသစ်ခေါ်ယူထားတဲ့ လူငယ်တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်နဲ့ တွဲဖက်ကာ ကစားခွင့်ပေးဖို့ ဆိုးရှားက ကြံရွယ်ထားပါတယ်။