ပြည်တွင်းစားဆန် ပေါ်ဆန်းတွေကို ပြည်ပဈေးကွက်ထံ တင်ပို့ရောင်းချတာကြောင့် ဈေးတက်ကြောင်း ကုန်သည်အချို့က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဒီဇင်ဘာလ ၄ ရက်နေ့က အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
သဘာဝဘေးဒဏ်ကြောင့် အထွက်နှုန်းတွေ အလွန်ထိခိုက်တယ်ဆိုတဲ့ ဈေးနှုန်းမြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်နေတဲ့ သတင်းမှားတွေဟာ မဟုတ်မမှန်သတင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆန်ဈေးနှုန်းတွေကို တိုးမြှင့်ရောင်းချတဲ့ ကြော်ငြာတွေ၊ ဆန်ဈေးနှုန်းတွေကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရတယ်လို့လည်း MRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ပြည်ပတင်ပို့တဲ့အခါမှာ တက်နိုင်သမျှ ပေါ်ဆန်းဆိုရင် တော်တော်ကို စီစစ်ပြီးတော့ မပို့သလောက်ပဲ”လို့ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားပါတယ်။
ဆန်စျေးနူန်းကို သတ်မှတ်ရည်ညွန်းစျေးထက် ပိုမရောင်းချဖို့ သတိပေးမှုတွေအပြင် ဆန်လုပ်ငန်းရှင်အချို့ကိုပါ အရေးယူခြင်း ဒဏ်ငွေရိုက်ခြင်းတွေလုပ်နေပေမယ့် ပြည်တွင်းဆန်စျေးကွက်မှာတော့ ဆန်စျေးက ခုထက်ထိမကျလာတဲ့အပြင် အရည်အသွေးညံ့တဲ့ဆန်တွေပါ ရောနှောရောင်းချမှုတွေရှိလာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။
လက်ရှိ ဆန်စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်းမွှေးထူးရှယ်က တအိတ်ကို ၂၀၀၀၀၀ ကျပ်အထိရှိပြီး ဆန်အရည်အသွေးညံ့လာသလို ဧရာပဒေသာဆန်က ၁၆၀၀၀၀ ဝန်းကျင် အထိရှိနေပါတယ်။
စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ဆန်ရည်ညွှန်းဈေးတွေကို လစဉ်ထုတ်ပြန်ပေးနေပြီး ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့နဲ့ ဈေးတင်ရောင်းချခြင်းနဲ့ အရည်အသွေး မမှန်မကန် ရောင်းချခြင်းတွေ မပြုလုပ်ကြဖို့ MRF ကနေ ဆန်စက်တွေ၊ အရောင်းဆိုင်တွေ၊ ပွဲရုံတွေ၊ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို သတိပေးလျက်ရှိပါတယ်။