လက်ရှိရန်ကုန် အိမ်ခြံမြေဈေးကွက်သည် သီတင်းကျွတ်ကာလ ကျော်လွန်လာသော်လည်း အရောင်းအဝယ် အေးစက်နေကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။
ပုံမှန်အားဖြင့် သီတင်းကျွတ်ကာလအပြီး အိမ်ခြံမြေဈေးကွက် အလုပ်ဖြစ်လေ့ရှိသော်လည်း ယခုအခါတွင်မှု ၂၀၂၄ ကုန်လို့ ၂၀၂၅ ကူးတော့မယ့် လက်ရှိအချိန်ထိ အရောင်းအဝယ် မရှိသလောက် အေးစက်နေကြောင်း သိရသည်။
ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းအဝယ် ငြိမ်သက်နေပေမယ့် နယ်မြေဒေသ အများအပြားမှ ရွှေ့ပြောင်းလာသူတွေကြောင့် တိုက်ခန်း၊ ကွန်ဒိုတွေအပြင် အိမ်အငှားစျေးကွက် ပိုမိုသွက်လာနေကြောင်း သိရသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် ကြီးကြီးမားမား ထိခိုက်နေချိန် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ကွန်ဒိုအခန်း ဝယ်ယူမှုမှာ ဆတိုးဖြင့် မြင့်တက်လာနေသည်။
ဇူလိုင်လမှ စက်တင်ဘာလအထိ (၃)လပတ် ကာလအတွင်း မြန်မာနိုင်ငံသားများ၏ အိမ်ခြံမြေဝယ်ယူမှုက ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနေသလို ကိုဗစ်ကာလနောက်ပိုင်း အကြပ်ရိုက်နေသည့် ထိုင်းအိမ်ခြံမြေလောကကို ကြီးကြီးမားမား အထောက်အကူ ဖြစ်နေစေသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခတိုက်ပွဲများကြောင့် ငွေကြေးတတ်နိုင်သည့် လူလတ်တန်းစား မိသားစုများနှင့် လူငယ် အများအပြားက ၎င်းတို့၏ အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြုပ်နှံမှုကို ပြည်တွင်းအစား ထိုင်းဘက်မှာ ပြောင်းလဲ ပြုလုပ်လာနေသည်။
ထိုင်းနိုင်ငံရောက် မြန်မာ အိမ်ခြံမြေအကျိုးဆောင်အချို့ရဲ့ ပြောဆိုချက်အရ ဘန်ကောက်မှာ ကွန်ဒို ဝယ်ယူတဲ့ မြန်မာတွေထဲမှာ ကြိုပွိုင့်တွေဖြင့် ဝယ်ယူသည့် အသက် ၃၀-၄၀ ကြား လူငယ်အများအပြား ပါဝင်လာသလို လုပ်ငန်းလုပ်ကိုင်ဖို့ ဆိုင်နေရာ ငှားရမ်းမှုတွေလည်း များပြားလာကြောင်း သိရသည်။