ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စိမ်းတွေဟာ အခု ဒီဇင်ဘာလ၊ ဒုတိယပါတ်အတွင်း ဈေးဆက်တိုက် ကျဆင်းလာနေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။

အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေရာက အထားမခံတဲ့ ကုန်စိမ်းတွေ စျေးကျလာနေတာပါ။ ဒီအတိုင်းဆိုရင် နောက် တစ်ပါတ်၊ နှစ်ပါတ်လောက်အထိ ဈေးထပ်ကျနိုင်သေးတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စိမ်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကားလမ်းကြောင်း တွေကနေ တင်ပို့ဖို့ အဆင်မပြေသေးတဲ့အတွက် ရှမ်းတောင် လမ်းကြောင်းတစ်ခုတည်းကိုသာ အဓိကထား အသုံးပြုနေရပါတယ်။

လက်ရှိမှာ ပြောင်းဆံ သယ်ယူတဲ့ ကားတွေ အလွန်များပြားနေတာကြောင့် ယာဉ်ကြောပိတ်နေပါတယ်။ အဲဒီလို လမ်းကြောပိတ်ဆို့နေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကနေ တင်ပို့တဲ့ မုံညှင်း၊ ဘိုစားပဲ၊ ချင်း(ဂျင်း)၊ ရွှေပဲသီး၊ မှုံလာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ဂျူးမြစ်စတဲ့ ကုန်စိမ်းတွေဟာ ဈေးဆက်တိုက်ကျဆင်းလာနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ရက်က ကုန်စိမ်းစျေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ ကုန်စိမ်းတစ်ပိဿကို ကျပ် ၅၀၀ ကနေ ကျပ် ၁၀၀၀ ဝန်းကျင် စျေးကျဆင်းလာနေတာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာတော့ ဟင်းသီးဟင်းရွက်ကုန်စိမ်းဈေးတွေ ကြီးမြင့်လျက်ရှိပြီး လာမယ့်ရက်တွေအတွင်းမှာ အနည်းငယ် ကျနိုင်မယ်လို့ သိရပါတယ်။