အာဆင်နယ်အသင်း လူငယ်ကြယ်ပွင့် တိုက်စစ်မှုး ဆာကာဟာ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အတော်ကြာအောင် အနားယူရမှာဖြစ်တယ်လို့ အာတီတာက အတည်ပြုလိုက်ပါတယ်။

စနေနေ့တုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၅-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဆာကာဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ဒဏ်ရာရခဲ့တာကြောင့် ၂၄ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။

ပွဲအပြီးမှာ ဆာကာဟာ ကွင်းထဲကနေ ချိုင်းထောက်နဲ့လမ်းလျှောက်ထွက်ခဲ့ရပြီး ပွဲအပြီးအင်တာဗျူးမှာ အာတီတာက ဆာကာရဲ့ဒဏ်ရာကို စိုးရိမ်တကြီးဖြစ်နေရပြီလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ အာတီတာ စိုးရိမ်သလို အမှန်တကယ်ဖြစ်လာပြီး ဆာကာဟာ ရက်အတော်ကြာအောင် အနားယူရမှာလို့ အသိပေးလာတာ ဖြစ်ပါတယ်။

သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ အာတီတာက “ဆာကာရဲ့ဒဏ်ရရာက အခြေအနေ မကောင်းပါဘူး။ သူဟာ ရက်သတ္တပတ်အတော်ကြာအောင် အနားယူရတော့မှာပါ။

ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေပေမဲ့ ကျွန်တော်တို့အတွက် နောက်ထပ် ရင်ဆိုင်ကျော်ဖြတ်ရမဲ့ စိန်ခေါ်မှုတစ်ခုလို့ပဲ သဘောထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲက ဆာကာအတွက် အာဆင်နယ်ကစားသမားဘ၀ ပွဲ ၂၅၀ ပြည့်ဖြစ်ပြီး အထိမ်းအမှတ်ပွဲမှာ အခုလို ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အခြား အင်္ဂလန်သတင်းတွေမှာတော့ ဆာကာ ဒဏ်ရာ က သီတင်းပတ် ၄ ပတ် ကနေ ၆ ပတ် လောက်ထိ နားရဖွယ် ရှိပြီး ဖေဖော်ဝါရီ လ အစောပိုင်းလောက်မှ ပြန် ပါဝင် ကစားနိုင်မယ်လို့ ဖော်ပြထားပါတယ်။