လီဗာပူး တောင်ပံတိုက်စစ်သမား ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်း သိသိသာသာ တက်လာခဲ့ပြီး လီဗာပူး အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အသင်းဖော် မိုဆာလာ၊ အာဆင်နယ် တိုက်စစ်မှူး အော်ဘာမီရန်းတို့နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။

မာနေးက ပြီးခဲ့တဲ့ရာသီမှာ ၄င်းရဲ့ အဆုံးသတ် စွမ်းရည် သိသာစွာ တိုးတက်လာခဲ့တယ်လို့ ယုံကြည်နေပြီး တစ်ရာသီထက် တစ်ရာသီ တိုးတက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

” ကျနော် အဆုံးသတ် ပိုင်းမှာ အများကြီး တိုးတက်လာခဲ့တယ် ထင်ပါတယ်၊ ဒါက ကောင်းတဲ့သဘော ဆောင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ဘောလုံးရာသီတိုင်းမှာ ကျနော် တိုးတက်လာခဲ့တယ် ဆိုပြီး ပြောနိုင်လို့ပါပဲ၊ ဒါက အရေးကြီးပါတယ်၊ ဒီထက်ပိုပြီး ကောင်းသည်ထက် ကောင်းမွန်လာအောင်လည်း ကျနော် အလုပ်ပိုပြီး ကြိုးစားသွားဦးမှာပါ”

“ကျနော်တို့မှာ အရမ်း ကောင်းမွန်တဲ့အသင်းရှိနေပါတယ်၊ အနာဂတ်က သေချာပေါက် စိတ်လှုပ်ရှားစရာ ကောင်းမှာပါ၊ တစ်ခုခု ထူးခြားတာကို လုပ်ပြနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ မာနေးက ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် မာနေးက လက်ရှိ လီဗာပူးအသင်းကို အောင်မြင်မှု ရရှိစေခဲ့တဲ့ အဓိက အချက်တွေထဲမှာ အသင်းချစ်စိတ် ပြင်းထန်လွန်းတဲ့ ပရိသတ်တွေ ကလည်း အရေးကြီးခဲ့ကြောင်း ဆိုသွားခဲ့ပါတယ်။

“လီဗာပူး ပရိသတ်တွေဟာ ပြီးခဲ့တဲ့ရာသီမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်၊ အိမ်ကွင်းမှာ တော်တော်လေးကို ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ဟာ ကျနော်တို့အတွက် အမြဲရှိနေခဲ့ပါတယ်၊ ဒီလိုပဲ ဆက်ရှိနေပေးစေချင်ပါတယ်၊ ”

” ဒါက အသင်းအတွက် တကယ်ကို အရေးကြီးလို့ပါ၊ တစ်ခါတစ်လေ ကစားပုံ မကောင်းတဲ့နေ့တွေ ရှိနိုင်ပေမယ့် ပရိသတ်က စိတ်ဓာတ် လှုံ့ဆော်ပေးရင် အသင်းအတွက် အပေါင်း လက္ခဏာ ဆောင်လာနိုင်ပါတယ် ” လို့ မာနေးက ပြောဆိုခဲ့ပါတယ်။